ကမ္ဘာကျော် မုန့်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Mars သည် ထိုင်းဘတ်ငွေ ၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံပြီး ထိုင်းနိုင်ငံတွင် ပထမဆုံးသော Pringles အာလူးကြော် စက်ရုံကို တရားဝင် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။
အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက (AMEA) ဒေသများသို့ တင်ပို့မှုကို မြှင့်တင်ရန်အတွက် ဒုတိယမြောက် ထုတ်လုပ်မှုလိုင်းကိုပါ တစ်ပါတည်း စတင်လည်ပတ်လိုက်ပြီ ဖြစ်သည်။
ချွန်ဘူရီ (Chonburi) ခရိုင်၊ အရှေ့ပိုင်း စီးပွားရေး စင်္ကြံ (EEC) တွင် တည်ရှိပြီး စကွဲယာမီတာ ၂၀၈,၀၀၀ အကျယ်အဝန်းရှိ ကွင်းပြင်ကြီးအတွင်း စကွဲယာမီတာ ၇၃,၈၀၀ ကျယ်ဝန်းသော စက်ရုံကြီး ဖြစ်သည်။
၂၀၂၅ ခုနှစ် အကုန်ပိုင်းတွင် စတင် လည်ပတ်ခဲ့ပြီး လက်ရှိတွင် အိန္ဒိယ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့သို့ တင်ပို့လျက်ရှိသည်။ စက်တင်ဘာ ၂၀၂၆ တွင် ဒုတိယထုတ်လုပ်မှုလိုင်း စတင်ခဲ့ပြီး ၂၀၂၇ အကုန်တွင် တတိယမြောက် ထုတ်လုပ်မှုလိုင်းကို ထပ်မံတိုးချဲ့သွားမည် ဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဆောက်လုပ်ခဲ့သော ဤစက်ရုံသည် Digital စနစ်များ၊ Real-time ထုတ်လုပ်မှု စောင့်ကြည့်ရေး ဒက်ရှ်ဘုတ်များ ပါဝင်သည့် ခေတ်မီ နည်းပညာသုံး Smart Factory တစ်ခုဖြစ်သည်။
အလုပ်အကိုင်ပေါင်း ၁၇၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပြီး အလုပ်သမား အင်အားတွင် အမျိုးသားနှင့် အမျိုးသမီး မျှတစွာ ပါဝင်သည်။ စက်ရုံ၏ ခေါင်းဆောင်မှု ကဏ္ဍတွင် အမျိုးသမီး ၅၀% အထိ ပါဝင်သည်။
စက်ရုံ၏ ကုန်ကြမ်း ဝယ်ယူမှု ဘတ်ဂျက်၏ ၅၀% နီးပါးကို ထိုင်းနိုင်ငံတွင်းရှိ ကုန်ကြမ်း ရောင်းချသူများထံမှ ဝယ်ယူသဖြင့် ဒေသတွင်း စီးပွားရေးကို များစွာ အထောက်အကူပြုသည်။
စွမ်းအင် ချွေတာသည့် နည်းပညာများ၊ စွန့်ပစ်ရေ သန့်စင်စနစ်နှင့် စွန့်ပစ်ပစ္စည်း လျှော့ချရေး နည်းလမ်းများကို ထည့်သွင်း တည်ဆောက်ထားသည်။
Source;The Nation
