မလေးရှားမှ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးအား စစ်သင်္ဘောများဖြင့် စတင်ပြန်ပို့

မလေးရှားအစိုးရသည် ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးအား စက်တင်ဘာ ၂၉ ရက်တွင် မြန်မာစစ်ရေယာဉ်များဖြင့် ပထမအသုတ်အဖြစ် စတင်ပြန်လည်ပို့ဆောင်လိုက်ရာ ကုလသမဂ္ဂ (UN) နှင့် လူ့အခွင့်အရေးအဖွဲ့များက အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း ကန့်ကွက်နေကြပါတယ်။

စစ်ကောင်စီ၏ စာရင်းအတိုင်း မြန်မာနိုင်ငံသား ၁,၄၇၆ ဦး အား ပထမအဆင့်အဖြစ် စတင်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

လူမွတ် (Lumut) ရေတပ်စခန်းမှ သံလွင် ဆေးရုံသင်္ဘောနှင့် မုတ္တမ ရေမှကုန်းဝမ်းသွား စစ်သင်္ဘောတို့အပါအဝင် စစ်ရေယာဉ် ၃ စီး ထွက်ခွာသွားခဲ့ပြီး ယခုသီတင်းပတ်ကုန်တွင် သံလျင်ရေတပ်စခန်းသို့ ရောက်ရှိမည်ဖြစ်သည်။ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်ထွက်ခွာရန် သဘောတူထားသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ဦးအနက် ယခု ပို့ဆောင်မှုမှာ ပထမအသုတ် ဖြစ်သည်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက မလေးရှားရှိ ခိုလှုံခွင့်တောင်းခံသူ ၉၅ ရာခိုင်နှုန်းမှာ မြန်မာမှဖြစ်ပြီး နိုင်ငံအတွက် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်စေသဖြင့် ပြန်လည်ပို့ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေအရ မည်သူ့ကိုမျှ နှိပ်စက်ညှင်းပန်းမှု သို့မဟုတ် အသက်အန္တရာယ် ကြုံတွေ့နိုင်သည့် နိုင်ငံသို့ အတင်းအဓမ္မ ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတိပေးခဲ့သည်။

ပထမအသုတ်တွင် ဖိနှိပ်ချုပ်ချယ်မှုများ ရင်ဆိုင်နေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ ပါဝင်သွားမည်ကို အရပ်ဘက် အဖွဲ့အစည်း ၁၆၀ ကျော်က အထူးစိုးရိမ်နေကြပြီး ပို့ဆောင်မှုကို ချက်ချင်းရပ်ဆိုင်းရန် တောင်းဆိုထားသည်။

Source;France24