တောင်ကိုရီးယားကဲ့သို့ ကမ္ဘာ့ဖန်တီးမှု ဗဟိုချက်မ ဖြစ်လာရန် ထိုင်းတွင် အလားအလာရှိဟု Netflix ပြောကြား

ထိုင်းနိုင်ငံသည် ထူးချွန်သော ကျွမ်းကျင်ပညာရှင်များနှင့် အစိုးရ၏ ပံ့ပိုးမှုများကြောင့် တောင်ကိုရီးယားကဲ့သို့ ကမ္ဘာ့အဆင့်မီ ဖန်တီးမှုဆိုင်ရာ စက်မှုလက်မှု ဗဟိုချက်မ (Creative Hub) တစ်ခု ဖြစ်လာနိုင်သည့် အလားအလာကြီးမားကြောင်း Netflix ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ရေးရာ ဒုတိယဥက္ကဋ္ဌ Andrew Ure က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် IMF ဖိုရမ်၌ ပြောကြားလိုက်ပါတယ်။

Netflix သည် ထိုင်းနိုင်ငံတွင် ဒေါ်လာ သန်း ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံထားပြီး အလုပ်အကိုင်များ ဖန်တီးပေးထားသည့်အပြင် ဖန်တီးမှုစီးပွားရေးအေဂျင်စီ (CEA) နှင့် ပူးပေါင်း၍ လူဦးရေ ၅၀၀ ခန့်ကို လေ့ကျင့်သင်ကြားပေးထားသည်။

ထိုင်းဇာတ်လမ်းများကို ကမ္ဘာသို့ ချပြခြင်းဖြင့် Soft Power ကို အားကောင်းစေကာ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မည်ဖြစ်သည်။ သို့သော် ထုတ်လုပ်သူများ၏ ယုံကြည်မှုအတွက် ဉာဏပစ္စည်း မူပိုင်ခွင့် (IP) ကာကွယ်ရေးကို ပိုမို အာမခံပေးရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

အတုဉာဏ်ရည် (AI) ကို လူသား၏ ဖန်တီးနိုင်စွမ်း အစားထိုးရန် မဟုတ်ဘဲ ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို အဓိက အထောက်အကူပြုသည့် ကိရိယာတစ်ခုအဖြစ်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

Source;ThaiPBS