ဘန်ကောက်မြို့၌ IMF နှင့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးများကြောင့် လုံခြုံရေး အထူးတင်းကြပ်ထားစဉ် လုမ္ဗိနီ (Lumpini) မြို့နယ်ရှိ ရပ်နားရန် တားမြစ်ထားသော နေရာတွင် ရပ်ထားသည့် မလေးရှား နံပါတ်ပြားတပ် မော်တော်ယာဉ်တစ်စီးအတွင်းမှ စက်သုံးဆီ ၄၀ လီတာ ပါဝင်သော ပုံး ၇ ပုံးကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် မလေးရှား ဇနီးမောင်နှံနှစ်ဦးအား စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က ရဲတပ်ဖွဲ့က လမ်းဘေး၌ ရပ်ထားသော ယာဉ်ကို တွေ့ရှိခဲ့သဖြင့် အကြောင်းကြားခဲ့ရာ မိုင်းရှင်းလင်းရေး အဖွဲ့ (EOD) နှင့် အနံ့ခံခွေးများပါ အသုံးပြု၍ သေချာစွာ စစ်ဆေးခဲ့ကြသည်။ ယာဉ်၏ နောက်ဘက်တွင် စက်သုံးဆီ ပုံးများကို တွေ့ရှိခဲ့ရသော်လည်း အခြား တရားမဝင် ပစ္စည်းများ မတွေ့ရှိခဲ့ပါ။
အဆိုပါ မလေးရှား ဇနီးမောင်နှံသည် အောက်တိုဘာ ၁၁ ရက်က ဟန်းနီးမွန်း ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ကိုယ်ပိုင်ကားဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။ လမ်းခရီး အကွာအဝေး ဝေးကွာပြီး လမ်းကြောင်း မကျွမ်းကျင်သဖြင့် အရေးပေါ် သုံးစွဲရန် မလေးရှားမှ စက်သုံးဆီများ အပိုဝယ်ယူလာခြင်းဖြစ်ကြောင်းနှင့် IMF အစည်းအဝေး ကျင်းပနေသည်ကို မသိရှိခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။
စက်သုံးဆီ ပမာဏမှာ တရားဝင် သတ်မှတ်ချက်ထက် မကျော်လွန်သဖြင့် ရဲတပ်ဖွဲ့က ဆီများကို ပြန်လည် ပေးအပ်ခဲ့ပြီး တားမြစ်နေရာ၌ ယာဉ်ရပ်နားမှုအတွက် ဒဏ်ငွေ ဘတ် ၂,၀၀၀ သာ ချမှတ်ခဲ့သည်။
Source;ThaiPBS
