ရာယောင်းတွင် တရားမဝင် လျှပ်စစ်ပစ္စည်း စွန့်ပစ်အမှိုက် တန် ၂,၅၀၀ ကျော် သိမ်းဆည်းရမိ၊ ဝန်ကြီးက အကျယ်တဝင့် စုံစမ်းစစ်ဆေးရန် ညွှန်ကြား

ထိုင်းနိုင်ငံ၊ ရာယောင်း (Rayong) ခရိုင်၊ နီခွန်ဖက်ထာနာ (Nikhom Phatthana) မြို့နယ်ရှိ ဂိုဒေါင် တစ်ခုအား ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေး အထူးတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက် (သောကြာနေ့) က ဝင်ရောက် စီးနင်းခဲ့ရာ တရားမဝင် တင်သွင်းလာသည်ဟု သံသယရှိသော လျှပ်စစ်ပစ္စည်း စွန့်ပစ်အမှိုက်နှင့် သတ္တုအပိုင်းအစ အနည်းဆုံး တန် ၂,၅၀၀ ကျော် ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသော သတင်းအချက်အလက်များအရ တရားမဝင် တင်သွင်းလာသည့် လျှပ်စစ်ပစ္စည်း စွန့်ပစ်အမှိုက်များကို အဆိုပါနေရာတွင် သိုလှောင်ထားကြောင်း သံသယရှိသဖြင့် သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဝန်ကြီး Suchart Chomklin ၏ အမိန့်အရ အထူးတပ်ဖွဲ့က ရာယောင်းခရိုင် တရားရုံး၏ ရှာဖွေဝရမ်းဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။

ဂိုဒေါင် အဆောက်အအုံ ၁၀ လုံးအတွင်း စစ်ဆေးရာတွင် လျှပ်စစ်ပစ္စည်း အစအနများ၊ စွန့်ပစ်သတ္တုပစ္စည်းများအပြင် အပိုင်းပိုင်းဖြတ်စက်များ၊ အမျိုးအစားခွဲစက်များ၊ သတ္တုထုတ်ယူသည့် စက်များနှင့် သွန်းလုပ်သည့် စက်များကို တွေ့ရှိခဲ့ရသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန (PCD) မှ တာဝန်ရှိသူများသည် စွန့်ပစ်ပစ္စည်း နမူနာ ၁၄ ခု၊ မြေဆီလွှာ/အနည်အနှစ် နမူနာ ၁ ခုနှင့် ရေနမူနာ ၁ ခုတို့ကို ထပ်မံ စစ်ဆေးရန် ကောက်ယူခဲ့ပြီး စက်ပစ္စည်းများနှင့် အမှိုက်များအားလုံးကို သက်သေခံအဖြစ် ချိပ်ပိတ် သိမ်းဆည်းခဲ့သည်။

အဆိုပါ ဂိုဒေါင် ၁၅ လုံးအနက် ၆ လုံးသာလျှင် စက်ရုံအမျိုးအစား ၁၀၅ နှင့် ၁၀၆ လိုင်စင် ရှိပြီး ကျန် ၉ လုံးမှာ လိုင်စင် လုံးဝ မရှိကြောင်း စစ်ဆေး သိရှိရသည်။ XRF စက်ဖြင့် ပဏာမ စစ်ဆေးချက်အရ တွေ့ရှိရသော ပစ္စည်းများသည် စက်မှုဝန်ကြီးဌာန၏ အန္တရာယ်ရှိ ပစ္စည်းများစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

ဝန်ကြီး Suchart က အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူအားလုံးကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ရန် ညွှန်ကြားထားပြီး၊ အကယ်၍ နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များနှင့် ဆက်စပ်နေပါက အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) ထံသို့ လွှဲပြောင်းကာ ငွေကြေးစီးဆင်းမှုများကိုပါ ဆက်လက် ခြေရာခံသွားမည် ဖြစ်သည်။

Source;The Nation