ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ငွေပေးချေမှု၊ နိုင်ငံခြားငွေ လဲလှယ်မှုနှင့် နိုင်ငံတကာ ငွေလွှဲ ဝန်ဆောင်မှုများ လုပ်ကိုင်နေသည့် Taobao (Thailand) ကုမ္ပဏီ၏ တရားဝင် ဒါရိုက်တာဖြစ်သူအား အောက်တိုဘာ ၁ ရက်နေ့က ထိုင်းစီးပွားရေး မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ECD) က ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူမှာ အသက် ၃၈ နှစ်အရွယ် ထိုင်းနိုင်ငံသား Parin ဖြစ်ပြီး၊ ဘန်းခန် (Bang Khen) မြို့နယ်ရှိ ကုမ္ပဏီ ရုံးခန်းဖြစ်သော ၃ ထပ် တိုက်ပုတစ်ခုအား ဝင်ရောက်ရှာဖွေကာ လက်ပ်တော့ ၄ လုံး၊ ဖုန်း ၅ လုံးနှင့် စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့သည်။
အဆိုပါ ကုမ္ပဏီသည် Fupay နှင့် Taobao Thailand ဝဘ်ဆိုက်များမှတစ်ဆင့် ၁ နှစ်တာကာလအတွင်း ဘဏ်အကောင့် ၅ ခုမှတစ်ဆင့် ဘတ်သန်း ၁၇၀ ကျော် ငွေလွှဲပြောင်းမှုများ လုပ်ဆောင်ခဲ့သည်။
သုံးစွဲသူများသည် ဝဘ်ဆိုက်တွင် အကောင့်ဖွင့်ကာ e-wallet များမှတစ်ဆင့် တရုတ်ယွမ်ငွေ လဲလှယ်ခြင်း၊ Alipay အကောင့်များသို့ ငွေဖြည့်ပေးခြင်းနှင့် China ၏ Shopping Platform များဖြစ်သော 1688,Taobao နှင့် Tmall တို့တွင် ပစ္စည်းဝယ်ယူရန် ငွေပေးချေမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုင်း ရဲတပ်ဖွဲ့၏ ဆိုက်ဘာမှုခင်း ကာကွယ်ရေး စခန်း (ACSC) ၏ စစ်ဆေးချက်အရ ယွမ်ငွေလဲလှယ်ရာတွင် အသုံးပြုခဲ့သည့် ဘဏ်အကောင့် ၂ ခုသည် ဆိုက်ဘာ ဉာဏ်ဆင်လိမ်လည်မှုများတွင် အသုံးပြုခဲ့သော ဘဏ်အကောင့်များနှင့် ဆက်စပ်နေပြီး စုစုပေါင်း ဘတ် ၂၇၀,၀၀၀ ကျော် ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသည်။
စဟေဗျူဟာ မြောက်စုံစမ်းရေး ဗျူရို (CIB) ရဲမှူးကြီး Natthasak Chaowanasai က ပြည်သူများအနေဖြင့် ထိုင်းဗဟိုဘဏ် (Bank of Thailand) မှ တရားဝင် ခွင့်ပြုချက် ရရှိထားသော e-money ဝန်ဆောင်မှုများကိုသာ အသုံးပြုကြရန်နှင့် စည်းမျဉ်းမရှိသည့် ဝန်ဆောင်မှုများသည် စီးပွားရေးနှင့် ပြည်သူများအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားပါတယ်။
Source;The Nation
