ဘန်ကောက်မြို့၊ ဒင်ဒဲန်းတွင် ထိုင်းအမျိုးသမီးအား သတ်ခဲ့သည့် မြန်မာလုပ်သား တရားရုံးအပို့ ရိုက်နှက်ခံရမလို ဖြစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒဲန်း (Din Daeng) မြို့နယ်တွင် အသက် ၂၀ အရွယ် ထိုင်းအမျိုးသမီးတစ်ဦးအား လည်ပင်းညှစ် သတ်ဖြတ်ခဲ့သည့် အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားအား ရဲတပ်ဖွဲ့က တရားရုံးသို့ ပို့ဆောင်စဉ် သေဆုံးသူ၏ ဆွေမျိုးများနှင့် မိတ်ဆွေများက ဝိုင်းဝန်းရိုက်နှက်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၂ ရက် (တနင်္လာနေ့) က ဖြစ်ပွားခဲ့ပါတယ်။

သံသယရှိသူ မြန်မာနိုင်ငံသားသည် ယာဘ စိတ်ကြွဆေးပြားများ သုံးစွဲထားပြီး ဂယောင်ဂယမ်းဖြစ်ကာ အခန်းအတွင်း ဝင်ရောက် ပုန်းအောင်းနေစဉ် အသက် ၂၀ အရွယ် မချုတီခန် (Chutikarn) ပြန်လည်ရောက်ရှိလာပြီး စကားများ ရန်ဖြစ်ကြရာမှ ၎င်းကို လက်ဗလာဖြင့် လည်ပင်းညှစ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့သည်။

အောက်တိုဘာ ၃၁ ရက်နေ့တွင် အယုဒ္ဓယ (Ayutthaya) ခရိုင်၊ ဘန်းပါအင်း (Bang Pa-in) မြို့နယ်ရှိ PTT ဓာတ်ဆီဆိုင်တစ်ခု၌ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဒင်ဒဲန်း ရဲစခန်းမှ Ratchadaphisek လမ်းရှိ မှုခင်းတရားရုံးသို့ အချုပ်ကားဖြင့် ပို့ဆောင်စဉ် သေဆုံးသူ၏ ဆွေမျိုးများနှင့် ရင်းနှီးသူများက ဝင်ရောက် ရိုက်နှက်ရန် ကြိုးပမ်းခဲ့သဖြင့် ရဲတပ်ဖွဲ့က ကြားမှ အလျင်အမြန် တားဆီးပေးခဲ့ရသည်။

ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူ မြန်မာနိုင်ငံသားအား ရည်ရွယ်ချက်ရှိရှိ လူသတ်မှု နှင့် အဆင့် (၁) မူးယစ်ဆေးဝါး (ယာဘ) သုံးစွဲမှု တရားမဝင် ဥပဒေများဖြင့် တရားစွဲဆိုထားပြီး အာမခံလျှောက်ထားမှုကိုလည်း ကန့်ကွက်ထားသည်။

သေဆုံးသူ မချုတီခန်၏ မိသားစုဝင်များသည် ၎င်း၏ ရုပ်အလောင်းအတွက် ဝတ်ဖရုံဝင်းစာရမ် (Wat Phrom Wong Saram) ကျောင်းတိုက်တွင် တနင်္လာနေ့မှစ၍ ၃ ရက်တာ ရိုးရာ သာသနာရေး ဆုတောင်းပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ရက်စေ့ပါက မီးသင်္ဂြိုဟ်သွားမည် ဖြစ်ပါတယ်။

Source;Khaosod