ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ ဖူထမုန်းထွန် (Phutthamonthon) မြို့နယ်၌ မြန်မာအမျိုးသားတစ်ဦးအား မျက်နှာကိုစိုက်ကြည့်သည်ဟုဆိုကာ မီးဖိုချောင်သုံးဓားဖြင့် လည်ပင်းကို ထိုးသတ်ခဲ့သည့် အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသားအား ရဲတပ်ဖွဲ့က နာရီ ၄၈ နာရီအတွင်း လိုက်လံဖမ်းဆီးရမိခဲ့ပါတယ်။
ဩဂုတ်လ ၃ ရက်နေ့တွင် မြန်မာအမျိုးသား ဦးစောကျော်ကျော်ဝင်း ဆိုသူသည် လည်ပင်း၌ ဓားထိုးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့က CCTV ဗီဒီယိုများကို စိစစ်ကာ လိုက်လံစုံစမ်းခဲ့ရာ တရားခံမှာ ဖေချာဘွန်ခရိုင်မှ အသက် ၂၆ နှစ်အရွယ် ဒဲန်ဖုန်း ဆိုသူဖြစ်ကြောင်း သိရှိခဲ့ရပြီး နခွန်ချိုင်ဆီမြို့နယ်ရှိ ယာယီတဲတစ်ခုအတွင်း ၄၈ နာရီအတွင်း ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မီးဖိုချောင်သုံးဓား၊ အခင်းဖြစ်ပွားစဉ် ဝတ်ဆင်ခဲ့သော အဝတ်အစားများနှင့် ထွက်ပြေးရာတွင် စီးနင်းခဲ့သည့် Honda Wave ဆိုင်ကယ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဒဲန်ဖုန်း က သေဆုံးသူ မြန်မာအမျိုးသားသည် မိမိမျက်နှာအားစိုက်ကြည့်သည်ကို မကျေနပ်သဖြင့် စကားများရန်ဖြစ်ရာမှ မီးဖိုချောင်သုံးဓားဖြင့် လည်ပင်းကို ထိုးသတ်ခဲ့ကြောင်း အပြည့်အဝ ဝန်ခံထွက်ဆိုခဲ့သည်။
နခွန်ပထုံခရိုင် တရားရုံး၏ ဖမ်းဝရမ်းဖြင့် “လူသတ်မှု” နှင့် “လက်နက် (ဓား) အား အကြောင်းမဲ့ အများပြည်သူဆိုင်ရာ နေရာတွင် ကိုင်ဆောင်သွားလာမှု” ပုဒ်မတို့ဖြင့် အရေးယူထားသည်။
တရားခံအား စိစစ်ရာ ၂၀၁၇ ခုနှစ်က ဖေချာဘွန်ခရိုင်၊ ထာ့ဖုန်း ရဲစခန်း၌ မူးယစ်ဆေးဝါး သုံးစွဲပြီး မော်တော်ယာဉ် မောင်းနှင်မှုဖြင့် အရေးယူခံခဲ့ရဖူးသည့် မှတ်တမ်းရှိခဲ့သည်။
Source;Police News Varieties
