ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တုပ်ကွေးရောဂါပိုး Influenza A(H1N1)pdm09 မှာ အများဆုံး ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်အမျိုးအစားဖြစ်ကြောင်း သိပ္ပံနည်းကျ ဓာတ်ခွဲစစ်ဆေးတွေ့ရှိရသော်လည်း၊ မျိုးရိုးဗီဇ စောင့်ကြည့်စစ်ဆေးချက်များအရ အအေးမိတုပ်ကွေး ကုသဆေးများအပေါ် ယဉ်ပါးမှု (အာနိသင်မတိုးတော့သည့် လက္ခဏာ) မရှိသေးသဖြင့် ဆေးကုသမှု အပြည့်အဝ ပေးနိုင်ဆဲဖြစ်ကြောင်း ဆေးသိပ္ပံဦးစီးဌာန (Department of Medical Sciences) က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဒေသဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခုဖြစ်သည့် ထိုင်းအမျိုးသား တုပ်ကွေးရောဂါဗဟိုဌာန၏ စောင့်ကြည့်စစ်ဆေးချက်များအရ ၇ လတာအတွင်း လူနာနမူနာ ၈,၇၃၄ ခုအနက် ၁,၂၇၈ ခု (၁၄.၆၃ %) ၌ တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ရသည်။
-Influenza A(H1N1)pdm09: စုစုပေါင်း ပိုးတွေ့လူနာ ၇၀၄ မှု (၅၅.၀၉ %) ဖြင့် အများဆုံး ဖြစ်ပွားလျက်ရှိသည်။
-Influenza A(H3N2): စုစုပေါင်း ပိုးတွေ့လူနာ ၃၀၆ မှု (၂၃.၉၄ %) ဖြင့် ဒုတိယ အများဆုံး ဖြစ်သည်။
-Influenza B (Victoria lineage): စုစုပေါင်း ပိုးတွေ့လူနာ ၂၆၈ မှု (၂၀.၉၇ %) ဖြင့် တတိယ အများဆုံး ဖြစ်သည်။
အထူးသဖြင့် အောက်တိုဘာလအတွင်း ပိုးတွေ့ရှိသူ ၁၂၂ ဦးအနက် ၁၁၅ ဦး (၉၄.၂၆ %) အထိ A(H1N1)pdm09 အမျိုးအစား ပိုမို များပြားလာခဲ့ကြောင်း တွေ့ရှိရသည်။
မျိုးရိုးဗီဇ စစ်ဆေးချက်နှင့် ဆေးဝါး ယဉ်ပါးမှု အခြေအနေ
မျိုးရိုးဗီဇ (Clades) အမျိုးအစား: A(H1N1)pdm09 ၏ Clade 6B.1A.5a.2a.1 မျိုးစိတ်မှာ ဇွန်လမှစ၍ အဓိက ကူးစက်နေသည့် ဗိုင်းရပ်စ်ဖြစ်ပြီး၊ A(H3N2) တွင် K Clade နှင့် Influenza B တွင် V1A.3a.2 Clade တို့ကို အဓိက တွေ့ရှိရသည်။
ဆေးယဉ်ပါးမှု မရှိခြင်း: Neuraminidase (NA) မျိုးရိုးဗီဇ စစ်ဆေးချက်များအရ Oseltamivir အဆုတ်ရောင်တုပ်ကွေးဆေး တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် H275Y အသွင်ပြောင်း မျိုးရိုးဗီဇ လုံးဝ မတွေ့ရှိရသကဲ့သို့ အခြား မည်သည့် ကုသဆေး ယဉ်ပါးသည့် လက္ခဏာမျှ မတွေ့ရှိရသေးပါ။
ဆေးသိပ္ပံဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr. Adisorn Wathanasak က ပြည်သူများအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို စနစ်တကျ ထိန်းသိမ်းကြရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရန် ကျန်းမာရေး ညွှန်ကြားချက်များကို လိုက်နာကြရန် တိုက်တွန်းထားပါတယ်။
Source;ThaiPBS
