တာချီလိတ်ရှိ တရုတ်သတ္တုတွင်းများကြောင့် ဆိုင်မြစ် ရေထုညစ်ညမ်းပြီး မယ်ဆိုင်၌ ရေပေးဝေမှု ထိခိုက်

မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်အတွင်း စည်းကမ်းမဲ့ တူးဖော်နေသည့် သတ္တုတွင်းများကြောင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင် (Mae Sai) မြို့နယ်သို့ စီးဝင်သော ဆိုင်မြစ် (Sai River) အတွင်း ရေထုညစ်ညမ်းမှုများ အပြင်းအထန် ဖြစ်ပွားကာ သောက်သုံးရေ ထုတ်လုပ်ဖြန့်ဖြူးမှုများ ဆိုင်းငံ့/လျှော့ချလိုက်ရကြောင်း နယ်စပ်သတင်းရင်းမြစ်များအရ သိရှိရပါတယ်။

မြစ်အတွင်း တိုက်ရိုက်တူးဖော်နေသည့် သတ္တုတွင်းများမှ မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နုန်းနှစ်များနှင့် ဓာတုနုန်းအနှစ်များ မျောပါလာခဲ့သည်။ နိုဝင်ဘာ ၅ ရက်နေ့ စိစစ်ချက်အရ ဆိုင်မြစ်၏ ရေနောက်ကျိမှုမှာ 14,000 NTU အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး (ပုံမှန် မိုးရာသီတွင် 3,000 NTU သာရှိသည်)၊ မယ်ဆိုင်ရေပေးဝေရေး စက်ရုံ (PWA) ၏ ရေစစ်စနစ် ကိုင်တွယ်နိုင်သည့် အမြင့်ဆုံးပမာဏ 6,000 NTU ထက် လွန်စွာမြင့်မားနေ၍ သောက်သုံးရေထုတ်လုပ်မှုကို လျှော့ချခဲ့ရသည်။

ထိုင်းညစ်ညမ်းမှု ထိန်းချုပ်ရေး ဦးစီးဌာန၏ စိစစ်ချက်အရ ဆိုင်မြစ်ရေအတွင်း အာဆင်းနစ် ဓာတ် ပါဝင်မှုမှာ 0.25 mg/l အထိ စစ်ဆေးတွေ့ရှိရပြီး၊ ဒါဟာ တရားဝင် ဘေးကင်းလုံခြုံမှု စံနှုန်းဖြစ်သည့် 0.01 mg/l ထက် ၂၅ ဆခန့် ပိုမိုမြင့်မားနေတာ ဖြစ်ပါတယ်။

နယ်စပ်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ တာချီလိတ်ဒေသသည် တရုတ်ရင်းနှီးမြှုပ်နှံသူများ နောက်ကွယ်မှ စီမံခန့်ခွဲနေသည့် သတ္တုတွင်းလုပ်ငန်းများ၏ အဓိက ဗဟိုချက်ဖြစ်လာခဲ့သည်။

လက်ရှိတွင် တရုတ်ငွေကြေးဖြင့် လည်ပတ်နေသည့် သတ္တုတွင်း ကုမ္ပဏီ ၂၈ ခု အထိ ရှိနေပြီး၊ ၎င်းတို့အနက် ရွှေတွင်း ၁၂ ခု၊ မဂ္ဂနီးစ်တွင်း ၅ ခု၊ ခဲနှင့် ဇင့် (သပ်) တွင်း ၆ ခု၊ သံဖြူတွင်း ၃ ခုနှင့် အန်တီမိုနီတွင်း ၁ ခုတို့ ပါဝင်ကြောင်း သိရှိရပါတယ်။

Source;ThaiPBS