ထိုင်းအစိုးရမှ ကမကထပြုလုပ်ဆောင်နေသည့် ‘ထိုင်းချင်းဖေးမ’ (Thais Help Thais) စီမံချက်ကြောင့် နိုင်ငံတစ်ဝှမ်းလုံးတွင် ငွေကြေးလည်ပတ်မှု ဘတ် ၁၁၀.၈၉ သန်းကျော်အထိ ရှိလာခဲ့ပြီး၊ အခြေခံလူထု၏ အိမ်ထောင်စုအသုံးစရိတ်များကိုလည်း ဘတ် ၂၄.၅၁ သန်းကျော်အထိ လျှော့ချပေးနိုင်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန (DoPA) မှ ထုတ်ပြန်လိုက်ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နရူချာ ကိုဆာစီဗီလိုက် (Narucha Kosacivilize) ၏ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက် (စနေနေ့) ထုတ်ပြန်ချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖြစ်သူ အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) ဦးဆောင်သည့် ဤစီမံချက်သည် ကုန်စျေးနှုန်းကြီးမြင့်မှုကို လျှော့ချရန်နှင့် ဒေသတွင်းစီးပွားရေးကို အားကောင်းစေရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန၊ လက်ကားနှင့် လက်လီအရောင်းဆိုင်ကြီးများ၊ ဒေသခံလုပ်ငန်းရှင်များနှင့် လှည့်လည်ရောင်းချသည့် ကုန်စုံကား (Mobile Vendors) များ ပူးပေါင်း၍ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းများဖြင့် အပတ်စဉ် သောကြာနေ့တိုင်း ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ခရိုင်ပေါင်း ၈၇၈ ခုလုံး၏ ခရိုင်ရုံး (District Offices) များတွင် ခင်းကျင်းရောင်းချပေးနေခြင်း ဖြစ်ပြီး ဒေသတွင်း SME လုပ်ငန်းများနှင့် OTOP (တစ်ရွာထုတ်ကုန်တစ်မျိုး) လုပ်ငန်းများအတွက်ပါ ငွေဖြစ်လွယ်မှုကို ကူညီပေးနေပါတယ်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့က စတင်ခဲ့သည့် ဤစီမံချက်ကြောင့် စုစုပေါင်း သုံးစွဲမှု ဘတ် ၁၁၀,၈၉၀,၀၀၀ ကျော်ရှိခဲ့ပြီး ပြည်သူများအတွက် စုစုပေါင်း ကုန်ကျစရိတ် ဘတ် ၂၄,၅၁၀,၀၀၀ ကျော် သက်သာခဲ့ပါတယ်။
ဤဈေးရောင်းပွဲတော်တွင် အရောင်းအဝယ်အကောင်းဆုံးနှင့် လူသုံးအများဆုံး ဖြစ်ခဲ့သည့် ထိပ်တန်း ခရိုင် ၅ ခုမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- Mueang Chon Buri (ချွန်ဘူရီခရိုင်)
- Mueang Saraburi (စာရာဘူရီခရိုင်)
- Mueang Yala (ယာလာခရိုင်)
- Mueang Ratchaburi (ရတ်ချာဘူရီခရိုင်)
- Kaeng Khoi (စာရာဘူရီခရိုင်)
အစိုးရအနေဖြင့် ဤစီမံချက်ကို ဆက်လက်လုပ်ဆောင်သွားမည့်အပြင်၊ အစိုးရနှင့် ပြည်သူ ပူးတွဲစိုက်ထုတ်ကျခံမည့် “Thais Help Thais Plus: 60/40” Co-payment scheme (အစိုးရက ၄၀% စိုက်ထုတ်ပေးပြီး ပြည်သူက ၆၀% ကျခံရမည့်စနစ်) ကို ထပ်မံမိတ်ဆက်ရန် ပြင်ဆင်နေပါတယ်။ ဤအစီအစဉ်တွင် ပါဝင်လိုသည့် ကုန်သည်များနှင့် ဆိုင်ရှင်များအတွက် စျေးဆိုင်မှတ်ပုံတင်ခြင်းကို လာမည့် မေလ ၂၅ ရက် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်ပေးတော့မည် ဖြစ်ကြောင်း သိရပါတယ်ဗျာ။
Source; Bangkok Post
