ထိုင်းနိုင်ငံ၊ ဖက်ချဘူရီခရိုင် (Phetchaburi)၊ ကင်(န်)ကရာချန် အမျိုးသားဥယျာဉ် (Kaeng Krachan National Park) အတွင်း ဖမ်းဆီးခံခဲ့ရသည့် တိုင်းရင်းသား ကရင်ရွာသား ၂၆ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်ပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သဖြင့် ပြန်မနှင်ထုတ်ရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ထိုင်းအာဏာပိုင်များအား တောင်းဆိုလိုက်ပါတယ်။
ဩဂုတ် ၁၀ ရက်နေ့က ထိုင်းစစ်တပ်၊ သစ်တောရေးရာနှင့် မြို့နယ်အာဏာပိုင်များ ပူးပေါင်း၍ ကင်(န်)ကရာချန်အမျိုးသားဥယျာဉ်အတွင်းရှိ Ban Pa Deng ကရင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသားစိစစ်ရေး အထောက်အထား မရှိသူများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကလေး ၈ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၂၈ ဦး ဖမ်းဆီးခံခဲ့ရသည်။ နောက်ပိုင်းတွင် အိမ်ထောင်စုစာရင်း မှတ်တမ်း မှန်ကန်ကြောင်း အတည်ပြုနိုင်သူ ၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၂၆ ဦး မှာမူ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်ရန် ဘန်ကောက်ရှိ စွန်ဖလူး (Suan Phlu) လဝက ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခံထားရသည်။
HRW ၏ အာရှရေးရာ ညွှန်ကြားရေးမှူး Elaine Pearson က မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်နေသဖြင့် ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်ပို့ပါက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။
အန္တရာယ်ရှိသော နေရာသို့ ပြန်မနှင်ထုတ်ရဆိုသည့် “Non-refoulement” မူအရသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကွန်ဗင်းရှင်း သဘောတူညီချက်များအရသော်လည်းကောင်း၊ ထိုင်းနိုင်ငံ၏ “ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအဓမ္မ ပျောက်ကွယ်စေမှု တားဆီးကာကွယ်ရေး ဥပဒေ” အရသော်လည်းကောင်း ဤသို့ ပြန်မနှင်ထုတ်ရန် တားမြစ်ထားသည်။
လွန်ခဲ့သည့် ၂ လခန့်က အလားတူ ပြန်လည်နှင်ထုတ်ခံခဲ့ရသည့် ကရင်ရွာသား ၁၀ ဦးထက်မနည်းမှာ လက်ရှိအချိန်အထိ သတင်းအစအန ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကင်(န်)ကရာချန်အမျိုးသားဥယျာဉ်ကို ၂၀၂၁ ခုနှစ်တွင် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ထိုင်းအာဏာပိုင်များသည် ကရင်တိုင်းရင်းသားများ၏ ဘိုးဘွားပိုင်မြေ အခွင့်အရေးများကို လျစ်လျူရှုကာ အဆိုပါနယ်မြေအတွင်း လူနေထိုင်ခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ထိုင်းနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး မှတ်တမ်း စိစစ်သုံးသပ်ပွဲ မတိုင်မီ ထိုင်းအစိုးရအနေဖြင့် ကရင်တိုင်းရင်းသားများအပေါ် ဖိနှိပ်နေမှုများကို ချက်ချင်းရပ်တန့်ရန် HRW က တိုက်တွန်းထားသည်။
Source;Khaosod
