ပြီးခဲ့သည့် ဇွန်လ ၈ ရက် တနင်္လာနေ့က ထိုင်းနိုင်ငံ မူပိုင်ခွင့်ဦးစီးဌာန (DIP) သည် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) ၏ အွန်လိုင်းခိုးကူးမှုတိုက်ဖျက်ရေးအစီအစဉ်အရ မလေးရှား၊ တောင်ကိုရီးယားရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ချင်းမိုင်ခရိုင် (Chiang Mai) အတွင်းရှိ နိုင်ငံဖြတ်ကျော် အွန်လိုင်းရုပ်ရှင်ခိုးကူး (Piracy) ကွန်ရက်ကြီးတစ်ခုကို စီးနင်းဖြိုခွဲလိုက်ပါတယ်ဗျာ။
ချင်းမိုင်ခရိုင်၊ သုထက် (Suthep) မြို့နယ်ရှိ စီးပွားရေးလုပ်ငန်းနေရာတစ်ခုနှင့် မဲဟီယာ (Mae Hia) မြို့နယ်ရှိ နေအိမ်တစ်လုံးတို့ကို တစ်ပြိုင်နက် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဂိုဏ်းသည် မူပိုင်ခွင့်ရှိသော ရုပ်ရှင်ဇာတ်ကားများကို ခွင့်ပြုချက်မရှိဘဲ လစဉ်ကြေးပေးသွင်းရသည့် Subscriber များထံ အွန်လိုင်းမှတစ်ဆင့် တရားမဝင် ဖြန့်ဖြူးပြသခဲ့ခြင်းဖြစ်သည်။ ကွန်ရက်၏ အဓိကခေါင်းဆောင်ကြီးမှာ မလေးရှားနိုင်ငံတွင် အခြေစိုက်ပြီး၊ လက်ရှိချင်းမိုင်တွင် ဖမ်းဆီးရမိသည့် တရားခံမှာ ထိုင်းနိုင်ငံတွင်းက ဝယ်ယူကြည့်ရှုသူ (Subscribers) များကို စီမံခန့်ခွဲပေးရသူ ဖြစ်သည်။
ရုပ်ရှင်ခိုးကူးရာတွင် အသုံးပြုသည့် ကွန်ပျူတာများ၊ ဖုန်းများအပြင် လိမ်လည်မှုနှင့် ဆက်စပ်နေသည့် စာရင်းကိုင်စာရွက်စာတမ်းများ၊ Cloud ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ငွေပေးချေထားသည့် မှတ်တမ်းများနှင့် အီးမေးလ်အထောက်အထားများကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူအား စီးပွားဖြစ် မူပိုင်ခွင့်ချိုးဖောက်မှု၊ တရားမဝင် ကူးယူခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။ ထိုင်းနိုင်ငံ မူပိုင်ခွင့်ဥပဒေအရ ပြစ်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
ဒဏ်ငွေ ဘတ် ၂၀,၀၀၀ မှ ဘတ် ၂၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည်။အမြင့်ဆုံး ထောင်ဒဏ် ၄ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၀၀,၀၀၀ မှ ဘတ် ၈၀၀,၀၀၀ အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
Source;The Nation
