ချင်းမိုင်တွင် ရည်းစားဟောင်းအမျိုးသား နောက်မိန်းကလေးတစ်ဦးနှင့် ဟိုတယ်ဝင်သည်ကို တွေ့ရှိ၍ ကားဖြင့် အကြိမ်ကြိမ် တိုက်ကြိတ်မှု ဖြစ်ပွား

ထိုင်းနိုင်ငံ၊ ချင်းမိုင် (Chiang Mai) မြို့တွင် စက်တင်ဘာလ ၉ ရက် ယနေ့နံနက်အစောပိုင်းက ထိုင်းအမျိုးသမီးတစ်ဦးသည် ၎င်း၏ ရည်းစားဟောင်းဖြစ်သူ အမျိုးသား နောက်မိန်းကလေးတစ်ဦးနှင့်အတူ ဟိုတယ်အတွင်းသို့ ဝင်သွားသည်ကို တွေ့ရှိပြီးနောက် ဒေါသအလျောက် ကားဖြင့် အကြိမ်ကြိမ် ဝင်တိုက်သည့် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် CCTV မှတ်တမ်းများအရ ဆေဒန် (Sedan) မော်တော်ယာဉ်တစ်စီးသည် မော်တော်ဆိုင်ကယ်တစ်စီး နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီးနောက် ရုတ်တရက် ဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ လဲကျသွားခဲ့သည်။ ထို့နောက် အဆိုပါ ကားမှာ နောက်ဆုတ်ကာ လဲကျနေသည့် အမျိုးသားနှင့် ဆိုင်ကယ်အား ထပ်မံ၍ အကြိမ်ကြိမ် တိုက်ကြိတ်ခဲ့သည်။

ဒဏ်ရာရရှိသူ အမျိုးသားက “တော်ပါတော့၊ တော်ပါတော့” ဟု အော်ဟစ် တောင်းပန်နေချိန်တွင် မောင်းနှင်သူ အမျိုးသမီးက ၎င်းအား အခြားအမျိုးသမီးတစ်ဦးနှင့် ဟိုတယ်သို့ သွားရောက်သည့်ကိစ္စကို အော်ဟစ် ကြိမ်းမောင်းနေသည်ကို ရုပ်သံမှတ်တမ်းတွင် ကြားရသည်။

အခင်းဖြစ်နေရာအနီးတွင် ရပ်တန့်ထားသည့် မစ္စတာ ပေါ့ပ် (Pop) ဆိုသူ၏ မော်တော်ယာဉ်လည်း ထိခိုက်ပျက်စီးခဲ့ရသည်။ ၎င်းက ကယ်ဆယ်ရေးအဖွဲ့များကို ဆက်သွယ်၍ ဒဏ်ရာရသူအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ကားပျက်စီးမှုအတွက် အမျိုးသမီးဖြစ်သူနှင့် လျော်ကြေးငွေ ညှိနှိုင်းမှု အဆင်ပြေခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် မေလကလည်း သရာဘူရီ (Saraburi) ခရိုင်တွင် ရည်းစားဖြစ်သူ၏ ဆိုင်ကယ်အား ကားဖြင့် တိုက်ကြိတ်၍ သေဆုံးစေခဲ့သည့် ဖြစ်စဉ်နှင့် ၂၀၂၅ ခုနှစ်က ကာလာသင်း (Kalasin) တွင် လင်မယားအကြွေးကိစ္စကြောင့် ကားဖြင့် တိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။

မျက်မြင်သက်သေ မစ္စတာ ပေါ့ပ် က အဆိုပါ CCTV ဗီဒီယိုအား အများပြည်သူ သတိမူနိုင်ရေးအတွက် မျှဝေခဲ့ပြီး ချစ်ရေးချစ်ရာ ပြဿနာများကို စိတ်အေးချမ်းစွာ မဖြေရှင်းဘဲ ဒေါသအလျောက် ပြုလုပ်ပါက အခြားသူများနှင့် အများပိုင်ပစ္စည်းများကိုပါ ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။ လက်ရှိတွင် အဆိုပါ အမျိုးသမီးအား တရားဥပဒေအရ အရေးယူထားမှု အသေးစိတ်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

Source;Thaiger