YouTube တွင် ဖော်လိုဝါ ၂ ဒသမ ၃ သန်းကျော်ရှိပြီး ကြွက်သားတည်ဆောက်ရေးလောကတွင် ထင်ရှားသည့် အသက် ၃၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား မစ္စတာ Connor Michael Murphy သည် ဇူလိုင် ၇ ရက် ညနေပိုင်းက စမုတ်ပရာကန်ပြည်နယ်ရှိ ဇိမ်ခံအိမ်ရာဝန်းရေကန်ထဲသို့ စိတ်ဖောက်ပြန်ကာ ခုန်ချရာမှ နစ်မြုပ်သေဆုံးသွားခဲ့ပါတယ်။
Murphy သည် အခင်းဖြစ်ပွားချိန်တွင် လမ်းပေါ်၌ လူးလှိမ့်အော်ဟစ်ခြင်းနှင့် ဘုရားရှိခိုးသကဲ့သို့ လက်အုပ်ချီခြင်းများကို ပြုလုပ်ခဲ့ပြီးနောက် ရဲများရောက်လာချိန်တွင် မီတာ ၁၀ ကျော်နက်သည့် အိမ်ရာဝန်းရေကန်ထဲသို့ ပြေးဝင်ခုန်ချခဲ့သည်။ ၎င်းသည် စိတ်လွတ်ကိုယ်လွတ် ကူးခတ်နေပြီးနောက် မောပန်းကာ နစ်မြုပ်သွားခဲ့သဖြင့် ကယ်ဆယ်ရေးရေငုပ်သမားများက မိနစ် ၃၀ ခန့် ရှာဖွေကာ ရုပ်အလောင်းကို ဆယ်ယူခဲ့ရသည်။
ရဲတပ်ဖွဲ့က ၎င်းနှင့် ချစ်သူအမျိုးသမီး ငှားရမ်းနေထိုင်သည့် အိမ်တွင်းကို ဝင်ရောက်စစ်ဆေးရာ အိမ်တွင်းရှိ ပရိဘောဂများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်တစ်ခုလုံးကို အမည်းရောင်နှင့် အဝါရောင် ဆေးများဖြင့် လျှောက်ပက်ကာ ဖျက်ဆီးထားသည်ကို တွေ့ရသည်။ အိမ်ပိုင်ရှင်ဖြစ်သူမှာ ၎င်း၏အိမ်ကြီး ပျက်စီးသွားမှုကို မြင်တွေ့ပြီး အလွန်အမင်း စိတ်ထိခိုက်နေသည်။
သေဆုံးသူ၏ ခါးပတ်အိတ်အတွင်းမှ အသုံးမပြုရသေးသည့် ဆေးထိုးအပ် ၂ ချောင်းနှင့် အမျိုးအမည်မသိ ဆေးပြားအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်း၏ချစ်သူကမူ မာဖီသည် ပုံမှန်အားဖြင့် စိတ်ကျန်းမာရေးပြဿနာနှင့် မူးယစ်ဆေးသုံးစွဲလေ့မရှိကြောင်း ထွက်ဆိုထားသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က သေဆုံးသူ၏ ရုပ်အလောင်းအား မူးယစ်ဆေး သို့မဟုတ် ဓာတုပစ္စည်း သုံးစွဲထားခြင်း ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေး (Toxicology Tests) နေပြီး ဖြစ်စဉ်ကို အမေရိကန်သံရုံးထံ အကြောင်းကြားရန် ပြင်ဆင်နေပါတယ်။
Source;Bangkok Post
