ထိုင်းနိုင်ငံမှ မန်ကျည်းမှည့်အိုးထဲ မူးယစ်ဆေးဝှက်ပြီး တိုကျိုသို့မှောင်ခိုပို့သည့် ဗီယက်နမ်ဂိုဏ်း ဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ်အသုံးပြုကာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ပို့ဆောင်မည့် မန်ကျည်းမှည့်အိုးများအတွင်း အိုက်စ် (Ice) မူးယစ်ဆေးဝါးများ ဝှက်မှောင်ခိုကူးနေသည့် ဗီယက်နမ်ဂိုဏ်းမှ သံသယရှိသူ ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပါတယ်။

ဤအမှုသည် ကုန်ပစ္စည်းသယ်ဆောင်ပေးရသည့် ကြားခံခရီးသည်အမျိုးသမီးက ပါဆယ်ထုပ် ပုံမှန်ထက်လေးလံနေသဖြင့် သံသယဖြစ်ပြီး ရဲတပ်ဖွဲ့ထံ လာရောက်စစ်ဆေးခိုင်းရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဘန်ကောက်နွိုင် (Bangkok Noi) ခရိုင်ရှိ ကွန်ဒိုတစ်ခုသို့ ပို့ဆောင်ထားသော မန်ကျည်းမှည့် ၆ အိုးအတွင်း ဝှက်ထားသည့် စုစုပေါင်း ၂ ကီလိုဂရမ် ရှိ ‘Ice’ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်။
ဤဂိုဏ်းအတွက် ငွေကြေးလွှဲပြောင်းရန် ဘဏ်အကောင့် ငှားရမ်းပေးခဲ့သူ အသက် ၅၀ အရွယ် ထိုင်းအမျိုးသား ဆွမ်ဖုန်း (Somphong) ကို ပထုမ်ဌာနီတွင် ဖမ်းဆီးရမိခဲ့ပြီး တရားရုံးက အာမခံပယ်ချကာ ထိန်းသိမ်းလိုက်သည်။ (တရားခံက စွဲချက်များကို ငြင်းဆိုထားသည်)။
ဘန်ကောက်ရဲချုပ်၏ ပြောကြားချက်အရ ဤဂိုဏ်း၏ ဥက္ကဋ္ဌသည် ဟနွိုင်းတွင် အခြေစိုက်ပြီး အောက်ပါအတိုင်း စနစ်တကျ လုပ်ဆောင်ကြသည်။

ဂိုဏ်းဝင်များသည် အကောင့်တုများဖြင့် ဆက်သွယ်ကာ ထိုင်းနိုင်ငံရှိ ၎င်းတို့၏ လျှို့ဝှက်အိမ်များမှ မူးယစ်ဆေးပါဆယ်ထုပ်များကို သယ်ဆောင်ရန် Delivery ဆိုင်ကယ်သမားများကို ငှားရမ်းသည်။
ဆိုင်ကယ်သမားများမှတစ်ဆင့် ဂျပန်သို့သွားမည့် ထိုင်းခရီးသည်များထံ ပါဆယ်များ ပေးပို့ကာ ကုန်ပစ္စည်းသယ်ခအဖြစ် တစ်ကီလိုဂရမ်လျှင် ၄၅၀ ဘတ် (ပုံမှန်အိတ်သယ်ခနှုန်း) သာ ပေးချေလေ့ရှိသည်။

သံသယရှိသူ ဗီယက်နမ်နိုင်ငံသားများသည် အငှားဘဏ်အကောင့်ထဲမှ ငွေများကို တစ်ကြိမ်လျှင် ဘတ် ၂၀,၀၀ အထိ ထုတ်ယူပြီးနောက် ဗီယက်နမ်သို့ ချက်ချင်း ပြန်လည်ထွက်ခွာလေ့ရှိသည်။ လက်ရှိတွင် သံသယရှိသူ ဗီယက်နမ် ၃ ဦးအနက် ၁ ဦးမှာ ထိုင်းနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည်။
ဤဗီယက်နမ်ဂိုဏ်း၏ လုပ်ဆောင်ပုံနည်းလမ်းများသည် ပြီးခဲ့သည့်လက သြစတြေးလျနိုင်ငံတွင် ဟီးရိုးအင်း ၁.၈ ကီလိုဂရမ် သယ်ဆောင်မှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် Thai Airways လေယာဉ်မယ် (မိနား – Meena) ၏ အမှုနှင့် အလွန်တူညီနေသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က ပြည်သူများအနေဖြင့် သူစိမ်းများ၏ ကုန်ပစ္စည်း သို့မဟုတ် ခရီးဆောင်အိတ်များကို ပြည်ပသို့ ကူညီသယ်ဆောင်ပေးခြင်းမျိုး လုံးဝမပြုလုပ်ကြရန် ထပ်မံသတိပေးထားသည်။

Source;Bangkok Post