ဇူလိုင် ၂၀ မှ ၂၅ အတွင်း ထိုင်း၌ မိုးကြီးပြီး ရုတ်တရက်ရေကြီးနိုင်ဟု မိုးလေဝသဌာနက သတိပေး

ထိုင်းနိုင်ငံတွင် လာမည့် ဇူလိုင် ၂၀ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း မုတ်သုံမိုး ပိုမိုအားကောင်းလာမည်ဖြစ်ရာ ဒေသအတော်များများတွင် မိုးကြီးခြင်း၊ တောင်ကျရေကျခြင်းနှင့် မြစ်ရေလျှံခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဦးစီးဌာန (TMD) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အဓိကစောင့်ကြည့်ရမည့်ဒေသများမှာ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းအထက်ပိုင်း နှင့် အလယ်ပိုင်းဒေသ၏ အနောက်ဘက်ခြမ်း ပြည်နယ်များသည် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အန္တရာယ်အရှိဆုံးဇုန်များ ဖြစ်သည်။

သတိပြုရန်နေရာများကတော့ တောင်ခြေအနီးရှိ လူနေရပ်ကွက်များ၊ ရေလမ်းကြောင်းနှင့် နီးစပ်သည့်နေရာများနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရုတ်တရက်တောင်ကျရေနှင့် ရေကြီးမှုများကို အထူးသတိပြုရမည်။

ကပ္ပလီပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်သော်လည်း မိုးသက်မုန်တိုင်းဖြစ်ပွားချိန်တွင် လှိုင်းအမြင့် ၂ မီတာကျော် အထိ မြင့်တက်နိုင်သဖြင့် ရေလုပ်ငန်းနှင့် သင်္ဘောသားများ သတိပြုမောင်းနှင်ရန် လိုအပ်သည်။

ဘန်ကောက်နှင့် အနီးတဝိုက်မှာတော့ နေရာကွက်ကျား မိုးသက်မုန်တိုင်း ၂၀% ရွာသွန်းနိုင်ပြီး အဓိကအားဖြင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ဖြစ်ပေါ်နိုင်သည်။ အမြင့်ဆုံးအပူချိန် ၃၅°C မှ ၃၇°C ထိ ရှိမည်။

ဒေသအလိုက် မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက် (တနင်္လာနေ့ညနေအထိ)

▪️မြောက်ပိုင်း: မိုးသက်မုန်တိုင်း ၃၀% (ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ ဖယောင်း၊ နန်၊ တာ့ခ်)

▪️အရှေ့မြောက်ပိုင်း: မိုးသက်မုန်တိုင်း ၂၀% (လွယ်အိ၊ နောင်ခိုင်၊ ဘွန်ကန်၊ စခွန်နခွန်၊ နခွန်ဖနွန်၊ ဥဘွန်)

▪️အလယ်ပိုင်း: မိုးသက်မုန်တိုင်း ၂၀% (နခွန်စဝမ်၊ အုထိုင်းထာနီ၊ ချိုင်နတ်၊ ကန်ချနဘူရီ၊ ရက်ချ်ဘူရီ)

▪️အရှေ့ပိုင်း: မိုးသက်မုန်တိုင်း ၂၀% (နခွန်နာယောက်၊ ရရောင်း၊ ချန်သဘူရီ၊ ထရတ်)

▪️တောင်ပိုင်း (အရှေ့/အနောက်ကမ်းရိုးတန်း): မိုးသက်မုန်တိုင်း ၃၀% (ဖူးခက်၊ ခရက်ဘီ၊ ဆောင်ခလာ၊ ပတ္တနီ၊ ယာလာ)

Source;The Nation