LGBTQ+ နှင့် နိုင်ငံခြားသားများ အငှားကိုယ်ဝန်ဆောင်ခွင့် ဥပဒေသစ်ကြမ်း ထိုင်းလူထု သဘောထားမှတ်ချက်ရယူနေ

ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ဆောင်မှုပံ့ပိုးရေးဦးစီးဌာနသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် လက်ထပ်ထိမ်းမြားမှုတန်းတူညီမျှရေးဥပဒေ (Marriage Equality Law) နှင့် ကိုက်ညီစေရန်နှင့် အိုမင်းရင့်သော်သည့်လူ့အဖွဲ့အစည်း (Ageing Society) တွင် ကလေးမရနိုင်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် “အငှားကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကြမ်း” ကို ဇူလိုင် ၂ ရက်မှ ၃၁ ရက်အထိ law.go.th မှတစ်ဆင့် ပြည်သူလူထု သဘောထားမှတ်ချက်ရယူလျက်ရှိပါတယ်။

ကနဦးစစ်တမ်းများအရ ပြည်သူလူထုက အောက်ပါအချက်များကို အပြတ်အသတ် ထောက်ခံထားကြသည်။

🏳️‍🌈 LGBTQ+ စုံတွဲများ ကလေးရပိုင်ခွင့် (၉၂.၇% ထောက်ခံ): တရားဝင်လက်ထပ်ထားသည့် LGBTQ+ စုံတွဲများ တန်းတူညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာအရ အငှားကိုယ်ဝန်စနစ် သုံးစွဲခွင့်ပြုမည်။

🌍 နိုင်ငံခြားသားများအတွက် ကန့်သတ်ချက်ဖြင့် ခွင့်ပြုခြင်း (၈၀.၄% ထောက်ခံ): တရားဝင်လက်ထပ်ထားသည့် နိုင်ငံခြားသားစုံတွဲများ အငှားကိုယ်ဝန်ဆောင်ခွင့်ပြုမည်။ သို့သော် အစားမွေးပေးမည့် အမျိုးသမီးသည် ဇနီး သို့မဟုတ် ခင်ပွန်းနှင့် နိုင်ငံသားတူညီရမည် ဖြစ်ပြီး၊ ၎င်းသည် နွမ်းပါးသူများအပေါ် ငွေကြေးဖြင့် ခေါင်းပုံဖြတ်ခြင်းကို တားဆီးရန်ဖြစ်သည်။

🧪 သုတ်ပိုး၊ မမျိုးဥနှင့် သန္ဓေသားလောင်း ပြည်ပတင်ပို့ခွင့် (၈၁.၂% ထောက်ခံ): ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်မည့် ခရီးသည်များအတွက် ကော်မတီခွင့်ပြုချက်ဖြင့် သယ်ဆောင်ခွင့်ပြုမည်။

💰 တရားဝင် ဝန်ဆောင်ခနှုန်းထား သတ်မှတ်ခြင်း (၇၉.၆% ထောက်ခံ): အငှားကိုယ်ဝန်လျှောက်ထားခကို ၃,၀၀၀ ဘတ်၊ ဆေးရုံစံချိန်စံညွှန်းလက်မှတ်အတွက် ၅,၀၀၀ ဘတ် စသဖြင့် သတ်မှတ်ပြီး တရားမဝင်လုပ်ငန်းများကို တားဆီးမည်။

ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် တရားမဝင် စီးပွားဖြစ်လုပ်ကိုင်သူများကို အောက်ပါအတိုင်း ပြစ်ဒဏ်တိုးမြှင့်ထားသည်။ပြည်တွင်း/ပြည်ပ၌ “စီးပွားဖြစ် (Commercial Surrogacy)” အငှားကိုယ်ဝန်ဆောင်ရန် စီစဉ်ပေးသူများ ကို ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် ၂ သန်းအထိဖြစ်စေ (သို့မဟုတ် အကျိုးအမြတ်၏ ၃ ဆအထိ) ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်မည်။

တာဝန်ရှိသူများ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုကို ဟန့်တားနှောင့်ယှက်ပါက ဒဏ်ငွေ ၁၀,၀၀၀ ဘတ်အထိ ကျခံရမည်ဖြစ်သည်။

ဤဥပဒေပြင်ဆင်ချက်ကြောင့် ထိုင်းနိုင်ငံကို ဘက်စုံကျန်းမာရေးဗဟိုချက် (Medical Hub) ဖြစ်လာစေရန် အထောက်အကူပြုမည့်အပြင် ခေတ်သစ်ထိုင်းမိသားစုအဖွဲ့အစည်းကို ပိုမိုခိုင်မာစေမည်ဟု အာဏာပိုင်များက ယုံကြည်ထားသည်။

Source;The Nation