တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၇၂ နှစ်အရွယ် ထိုင်းအဖွားအိုတစ်ဦးသည် ထိုင်းနိုင်ငံ၊ ဥဒုံထာနီမြို့ရှိ ၎င်း၏ နေအိမ် CCTV ကို အဝေးမှ စစ်ဆေးကြည့်ရှုရာမှ သားဖြစ်သူနှင့် သူငယ်ချင်းဖြစ်သူတို့ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခိုးယူနေသည်ကို တွေ့ရှိခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အသက် ၇၂ နှစ်အရွယ် အဖွားအိုသည် အသက် ၂၀ အရွယ် မြေးမဖြစ်သူထံ ဗီဒီယိုကောလ် ခေါ်ဆို၍ ရဲစခန်းသို့ တိုင်ကြားခိုင်းခဲ့သဖြင့် ရဲတပ်ဖွဲ့က သားဖြစ်သူ အသက် ၃၉ နှစ်အရွယ် ‘ဝရာကွန်း’ နှင့် သူငယ်ချင်းဖြစ်သူ အသက် ၃၈ နှစ်အရွယ် ‘ပိချိုင်ရတ်’ တို့ကို စနေနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဆိုင်ကယ်တစ်စီး၊ ရေခဲသေတ္တာအကြီး၊ ဓာတ်ငွေ့အိုး၊ အဲကွန်း၊ သစ်သား စားပွဲ/ကုလားထိုင်များအပြင် မြေးမဖြစ်သူ၏ အခန်းအတွင်းမှ တီဗီကိုပါ ခိုးယူရောင်းချခဲ့ကြသည်။ မြေးမဖြစ်သူမှာ ဖခင်ဖြစ်သူ၏ ဆိုးသွမ်းမှုများ ကြောင့် လုံခြုံမှုမရှိတော့သဖြင့် အိမ်မှထွက်ကာ အခြားနေရာတွင် အိမ်ငှားနေထိုင်ခဲ့ရသည်။
တီဗီ နှစ်လုံးကို ဘတ် ၄,၀၀၀၊ ရေခဲသေတ္တာကို ဘတ် ၂,၅၀၀ နှင့် အဲကွန်းကို ဘတ် ၂,၅၀၀ ဖြင့် ရောင်းချခဲ့ပြီး ရရှိလာသော ငွေများဖြင့် သူငယ်ချင်းဖြစ်သူအား ကြွေးဆပ်ကာ ကျန်ငွေများကို စိတ်ကြွရူးသွပ်ဆေးပြား (Methamphetamine) ဝယ်ယူသုံးစွဲခဲ့ကြကြောင်း ဝန်ခံထားသည်။ တရားခံ နှစ်ဦးစလုံးအား ဆီးစစ်ဆေးရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသည်။ သားဖြစ်သူ ‘ဝရာကွန်း’ မှာ ယခင်က တရားမဝင် ဘဏ်အကောင့် (Mule Account) အမှုဖြင့် ထောင်ဒဏ် ၁ နှစ်နှင့် ၆ လ ကျခံခဲ့ဖူးသူ ဖြစ်သည်။
မိခင်ဖြစ်သူ အဖွားအိုကမူ အသက် ၇၂ နှစ်အထိ နိုင်ငံခြားတွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး သားဖြစ်သူထံ တစ်လလျှင် ဘတ် ၅၀၀ မှ ၁,၀၀၀ အထိ အမြဲ ထောက်ပံ့ပေးခဲ့သော်လည်း နောင်တမရဘဲ ပြဿနာရှာနေသည့် သားဖြစ်သူအား ဥပဒေအရ အပြင်းထန်ဆုံး အရေးယူပေးရန် ရဲတပ်ဖွဲ့ကို တောင်းဆိုထားပါတယ်။
Source;ThaiPBS
