ထိုင်းနိုင်ငံ၊ လမ်ပန်း (Lampang) ခရိုင်ရှိ ကလေးပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတစ်ခုတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် မိန်းကလေးနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ အသက် ၁၇ နှစ်အရွယ် စိတ်မသန်စွမ်း မိန်းကလေးတစ်ဦး ကွယ်လွန်သွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူနှစ်ဦးက အဆိုပါ စခန်း၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို မေးခွန်းထုတ်ကာ ပဝီဏာ ဖောင်ဒေးရှင်းသို့ သွားရောက်၍ တရားမျှတမှု တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ လွန်ခဲ့သော ဧပြီလ ၂၂ ရက် နံနက်ပိုင်းက စခန်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စိတ်မသန်စွမ်းမှုကြောင့် စခန်းသို့ ရောက်ရှိနေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှင့် အဓမ္မပြုကျင့်ခံရပြီးနောက် စိတ်ကျရောဂါ ခံစားနေရ၍ စခန်းသို့ ရောက်ရှိနေသည့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် ၁၈ နှစ်အရွယ် မိန်းကလေးက တွန်းထုတ်လိုက်ရာမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေးမှာ ခေါင်းနှင့် လမ်းဘေး ကွန်ကရစ်ခုံတို့ ရိုက်မိသွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးနှောက်အတွင်း သွေးယိုစိမ့်မှုဖြင့် ကွယ်လွန်သွားခဲ့သည်။
စခန်းဝန်ထမ်းများက သွားရောက်တားဆီးပေးခြင်း မရှိခဲ့ဘဲ စခန်းအတွင်းရှိ အခြား လူနာ/ကလေးများကသာ စတင်တားဆီးခဲ့ကြကြောင်း၊ ဖြစ်စဉ်အပြီး CCTV မှတ်တမ်းများကို တောင်းခံရာတွင် စခန်းက ငြင်းဆန်ခဲ့ပြီး မိသားစုနှစ်ခုအကြား အချင်းချင်းသာ ရှင်းလင်းကြရန် တာဝန်မဲ့ ပြောဆိုခဲ့ကြောင်း မိခင်များက စွပ်စွဲထားသည်။
အသက် ၁၈ နှစ်အရွယ် မိန်းကလေးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် လမ်ပန်း ဗဟိုအကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။
မိခင်နှစ်ဦးစလုံးက မိမိတို့၏ သမီးများသည် အစိုးရစခန်း၏ စောင့်ရှောက်မှုအောက်တွင် ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် စခန်းဘက်မှ တာဝန်ယူရမည်ဟု တောင်းဆိုခဲ့ကြသည်။ ပဝီဏာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ လဒီ ပဝီဏာ ဟုန်းဆာကွန်း က အဆိုပါ အမှုအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန (MSDHS) အပါအဝင် ကလေးနှင့် လူငယ်ရေးရာ နာယကအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု အာမခံထားသည်။
လက်ရှိအချိန်အထိ အဆိုပါ ပြန်လည်ထူထောင်ရေးစခန်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်မှ တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ ထွက်ရှိမလာသေးပေ။
Source;Thaiger
