ထိုင်းနိုင်ငံ၊ Kalasin ခရိုင် Somdet မြို့နယ်မှာ နွေဦးမုန်တိုင်းကြောင့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြေနိမ့်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပွားနေပါတယ်။ လက်ရှိမှာ Somdet ဆေးရုံကနေ Ban Si Yaek ကျောင်းအထိ လမ်းပိုင်းတလျှောက် ရေအမြင့်ဟာ ကားတာယာတစ်ဝက်ခန့်အထိ တက်နေပြီး မိုးထပ်ရွာဖို့ရှိနေတာကြောင့် လမ်းဘေးမှာရပ်ထားတဲ့ ကားတွေကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကို အမြန်ဆုံးရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အရေးပေါ် နှိုးဆော်ထားပါတယ်။
ထိုင်းမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ၂၄ ရက်ကနေ ၂၅ ရက်အတွင်း တရုတ်နိုင်ငံက လေအေးထုဝင်ရောက်မှုကြောင့် အထက်ပိုင်းဒေသတွေမှာ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကွင်းပြင်ကျယ်တွေ၊ သစ်ပင်ကြီးတွေနဲ့ မခိုင်ခံ့တဲ့ ဆိုင်းဘုတ်တွေအနီး နေထိုင်တာကို ရှောင်ကြဉ်ကြဖို့နဲ့ တောင်သူတွေအနေနဲ့လည်း စိုက်ပျိုးသီးနှံတွေ ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိမှာ ကာလာစင်အပါအဝင် ခရိုင်အများအပြားကို သတိပေးချက်တွေ ထုတ်ပြန်ထားပြီး မိုးလေဝသအခြေအနေကို အစဉ်မပြတ် စောင့်ကြည့်ကြဖို့ အသိပေးထားပါတယ်။
Source; Nation
