ထိုင်းနိုင်ငံမှ အစ္စရေးနိုင်ငံသို့ ပြန်လည်ခရီးနှင်လာသည့် အစ္စရေးလူမျိုး ဆရာဝန်တစ်ဦးသည် ခရီးဆောင်အိတ် ၅ လုံးအတွင်း ငှက်ပျောပင်နှင့် တောမန်ကျည်း (staghorn fern) ပင်ငယ်ပေါင်း ၃၀၀ ခန့်ကို တရားမဝင် မှောင်ခို သယ်ဆောင်လာခဲ့ရာ Ben-Gurion လေဆိပ်တွင် အကောက်ခွန် တာဝန်ရှိသူများက စစ်ဆေးဖော်ထုတ်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိပါတယ်။
အစ္စရေးနိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ အစ္စရေးနိုင်ငံ အလယ်ပိုင်း ဒေသခံ ဆရာဝန်သည် လေဆိပ်ရှိ အကောက်ခွန် အစိမ်းရောင် လမ်းကြောင်း (Green channel) မှ ဝင်ရောက်လာစဉ် တာဝန်ရှိသူများက သံသယဖြင့် တားဆီးစစ်ဆေးခဲ့ရာမှ အိတ်များအတွင်းမှ အပင်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စစ်ဆေးမေးမြန်းမှုများအရ ၎င်းသည် ရှားပါး အလှပင်များကို စုဆောင်းဝါသနာပါသူတစ်ဦးဖြစ်ပြီး နှစ်အနည်းငယ်အတွင်း ၎င်း၏ ပုဂ္ဂလိက ဥယျာဉ်ကို “တောအုပ်” (Jungle) တစ်ခုကဲ့သို့ ဖြစ်လာစေရန် ရည်ရွယ်ကာ ကိုယ်ပိုင် ဥယျာဉ်အတွက်သာ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
အစ္စရေးဥပဒေအရ ပုဂ္ဂလိက သုံးစွဲရန်အတွက်ပင် ခွင့်ပြုချက်မရှိဘဲ အပင် သို့မဟုတ် အပင်ထွက်ပစ္စည်းများကို တင်သွင်းခြင်းသည် ပြစ်မှုမြောက်ကြောင်း တာဝန်ရှိသူများက အလေးပေး ပြောကြားခဲ့သည်။ အထူးသဖြင့် ထိုင်းနိုင်ငံမှ ငှက်ပျောပင်ငယ်များသည် အစ္စရေးနိုင်ငံတွင် မရှိသေးသည့် ပိုးမွှားများနှင့် ရောဂါများကို သယ်ဆောင်လာနိုင်ချေရှိသဖြင့် နိုင်ငံ၏ ငှက်ပျောစိုက်ပျိုးရေး ကဏ္ဍကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာန၏ အပင်ကာကွယ်ရေးနှင့် စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး Shlomit Tzioni က သတိပေး ထုတ်ပြန်ထားသည်။
Source;Khaosod
