Siam BTS ဘူတာ၌ ကျောင်းသားအုပ်စုအချင်းချင်း ဓားဖြင့်ထိုးခုတ်၊ ရဲတပ်ဖွဲ့ လုံခြုံရေးယူထားသည့်ကြားမှ ၂ ဦး ဒဏ်ရာရ

ဘန်ကောက်မြို့၏ စက်ဘက်ဆိုင်ရာ နာမည်ကြီး ရန်ဘက် ကျောင်းနှစ်ကျောင်းမှ ကျောင်းသားအုပ်စုများသည် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက Siam BTS ဘူတာရုံပလက်ဖောင်းပေါ်တွင် ထိတွေ့ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ အမြောက်အမြား လုံခြုံရေးယူထားသည့်ကြားမှ ကျောင်းသား ၂ ဦး ဓားထိုးခံရပြီး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရပါတယ်ဗျာ။

ဆုခွန်ဝစ်နှင့် ပသုံဝမ်ခရိုင်အတွင်း ဆက်တိုက်ဆိုသလို ခိုက်ရန်ဖြစ်ပွားလေ့ရှိသည့် ဥထိန်ထဝိုင်း (Uthenthawai) နည်းပညာတက္ကသိုလ်နှင့် ပသုံဝမ် (Pathumwan) နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားများ ဖြစ်ကြသည်။

နံနက် ၈:၃၀ နာရီခန့်တွင် ဘူတာရုံ အထပ် (၃) ပလက်ဖောင်းပေါ်၌ ပသုံဝမ်ကျောင်းသား ၃၀ ခန့် ရထားစောင့်နေစဉ် ဥထိန်ထဝိုင်းကျောင်းသား ၃၀ ခန့် ရထားပေါ်မှ ဆင်းလာရာမှ စတင်ကာ ရန်စကားပြော၍ အပြန်အလှန် လုံးထွေး သတ်ပုတ်ခဲ့ကြသည်။

ဖြစ်စဉ်အတွင်း အသက် ၁၉ နှစ်နှင့် ၂၁ နှစ်အရွယ် ပသုံဝမ် ကျောင်းသား ၂ ဦး ကျောကုန်းတွင် ဓားထိုးဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ လက်ရှိတွင် စိုးရိမ်စရာ မရှိတော့ကြောင်း သိရသည်။

လွန်ခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောင်းပြန်ဖွင့်သည့် ပထမဆုံးနေ့တွင် ပသုံဝမ် ရဲစခန်းမှ ရဲအရာရှိများအား ဘူတာရုံနှင့် Skywalk တစ်လျှောက် အပြည့်အဝ ချထားခဲ့သော်လည်း ကျောင်းသားအချို့မှာ ရဲတပ်ဖွဲ့၏ တားဆီးမိန့်ကို လျစ်လျူရှုကာ ရုတ်ရုတ်သဲသဲအတွင်း ဓားဖြင့် ထိုးခုတ်ခဲ့ကြခြင်းဖြစ်သည်။

ကျောင်းနှစ်ကျောင်းအကြား ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန် လွဲပြောင်းတက်ရောက်ရန် သဘောတူညီချက် ရယူထားသော်လည်း အချိန်ဇယား အတိအကျ မညှိနှိုင်းနိုင်သေးပေ။ ခိုက်ရန်ဖြစ်ပွားမှု အန္တရာယ် မြင့်မားနေပါက အွန်လိုင်းမှတစ်ဆင့်သာ သင်ကြားရေး ပြုလုပ်ရန် ညှိနှိုင်းသွားမည်ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများကြောင့် လက်နက်ကိုင်ဆောင်မှု လျော့ကျသွားသော်လည်း အဆိုပါ ကျောင်းသားများထံမှ တစ်လလျှင် ပျှမ်းမျှ ဓား ၁၀ ချောင်းခန့် သိမ်းဆည်းရမိနေဆဲဖြစ်သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို စိစစ်၍ ပါဝင်သူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပြီး၊ ရေရှည်ဖြေရှင်းနိုင်ရေးအတွက် အဆင့်မြင့်ပညာရေး ဝန်ကြီးဌာနသို့ တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

Source;ThaiPBS