ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီ (Prachin Buri) ခရိုင်အတွင်း ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ မြို့နယ် ၇ ခုလုံး ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စုပေါင်း ၅၅,၂၈၆ စု ထိခိုက်ခံခဲ့ရကာ လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အာဏာပိုင်များက ခရိုင်အတွင်းရှိ မြို့နယ် ၇ ခုလုံးအား ဘေးအန္တရာယ် ကျရောက်သော ဧရိယာများအဖြစ် တရားဝင် ထုတ်ပြန်ထားသည်။
ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) သည် အောက်တိုဘာ ၄ ရက် (တနင်္ဂနွေနေ့) တွင် ပရာချင်ဘူရီ ခရိုင်သို့ သွားရောက်ကာ ရေဘေးသင့် ပြည်သူများ၏ လိုအပ်ချက်များကို စိစစ်ခဲ့ပြီး ရေပြန်ကျချိန်တွင် အိမ်ခြေ ပျက်စီးမှုများအတွက် ထောက်ပံ့ကြေးများ ပေးအပ်မည်ဟု ကတိပြုခဲ့သည်။
စောက်ဖရား အဘိုင်ဘူဘေး (Chao Phraya Abhaibhubejhr) ဆေးရုံကြီးမှ အတွင်းလူနာများကို စာကရာဖုန်း တပ်မတော်ဆေးရုံ (Chakrapong Military Hospital) ဝန်းအတွင်းရှိ ယာယီ ကွင်းဆင်းဆေးရုံသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ အဖွဲ့များက အသက်ရှူစက်များ၊ သလိပ်စုတ်စက်များနှင့် ဆေးသွင်းပန့် စက်ကိရိယာများ အရေးပေါ် ထပ်မံဖြည့်ဆည်းပေးရန် တောင်းဆိုထားသည်။
ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး စခန်း ၂ ခု ဖွင့်လှစ်ပေးထားပြီး ပြည်သူ ၄၀၀ ထက်မနည်း ခေတ္တခိုလှုံလျက်ရှိရာ တစ်နေ့လျှင် ထမင်း ၃ နပ် ထောက်ပံ့ပေးလျက် ရှိသည်။
မောင်း (Muang) မြို့နယ်အတွင်း ရေအနက် ၁ မီတာ (၃ ပေကျော်) ခန့်အထိ မြုပ်နေသဖြင့် လမ်းမကြီးများအားလုံး ယာဉ်ငယ်များ သွားလာ၍ မရတော့ပေ။
ဒေသခံ ပြည်သူများမှာ ခါးထိနက်သော ရေစီးကြောင်းအတွင်း ဖြတ်သန်းသွားလာရခြင်း သို့မဟုတ် လှေများကို အသုံးပြု၍ နေအိမ်များမှ ထွက်ခွာနေကြရသည်။ ကယ်ဆယ်ရေး ဝန်ထမ်းများက အခမဲ့ လှေကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။
Source;ThaiPBS
