ထိုင်းနိုင်ငံ၊ ဘူရီရမ် (Buriram) ခရိုင်၊ ဘန်းဂရူးဒ် (Ban Gruad) မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဆိုင်တွင်း စားပွဲပေါ်တက်၍ ကစိမ်းကရမ်း ကခုန်နေသည့် ဖောက်သည်များအား သွားရောက်တားမြစ်ခဲ့သည့် အသက် ၂၉ နှစ်အရွယ် ဆိုင်ပိုင်ရှင်ဖြစ်သူမှာ ပုလင်းကွဲဖြင့် ထိုးခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၂ ရက် ညပိုင်းတွင် အသက် ၂၉ နှစ်အရွယ် ဆိုင်ပိုင်ရှင် ဆွမ်းချိုင်း (Somchai Kueapram) သည် ဆိုင်အတွင်း တီးဝိုင်း၏ မြူးကြွသည့် သီချင်းသံနှင့်အတူ စားပွဲပေါ်တက်၍ ကခုန်နေသော ဖောက်သည်များကြောင့် စကားအခြေအတင် ဖြစ်ပွားနေသည်ကို သွားရောက်ဖြေရှင်း ကူညီပေးခဲ့သည်။
အသက် ၂၈ နှစ်အရွယ် ဖောက်သည်တစ်ဦးဖြစ်သူ အနန်းတာဆတ် (Anantasak) ဆိုသူသည် ဆိုင်ပိုင်ရှင်၏ ဝင်ရောက်တားမြစ်မှုကို မကျေနပ်ဖြစ်ကာ ဖန်ပုလင်းကို ရိုက်ခွဲ၍ ကွဲရှပုလင်းဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆိုင်ပိုင်ရှင် ဆွမ်းချိုင်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ဝန်ထမ်းများက ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရပြီး ဆေးရုံတွင် ချုပ်ရိုး ၄၇ ချက် အထိ ချုပ်ပေးခဲ့ရသည်။
ဆိုင်ပိုင်ရှင် ဆွမ်းချိုင်းသည် ဆိုင်ဖွင့်လှစ်ခဲ့သည်မှာ ၁ လခန့်သာ ရှိသေးပြီး ဖောက်သည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စားပွဲပေါ်တက် မကရန် တားမြစ်ခြင်းဖြစ်ကြောင်း စိတ်မကောင်းစွာ ရင်ဖွင့်ခဲ့သည်။
၎င်းသည် ဖြစ်စဉ်အပြီးတွင် ဘန်းဂရူးဒ် ရဲစခန်း (Ban Gruad Police Station) သို့ သွားရောက်တိုင်ကြားခဲ့ပြီး ဆိုင်အတွင်း ရိုက်ကူးထားသည့် CCTV ရုပ်သံဖိုင်များကို သက်သေအဖြစ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ရဲတပ်ဖွဲ့က တိုက်ခိုက်သူ အနန်းတာဆတ်အား ဆက်ဆင့်ခေါ်ယူခြင်း သို့မဟုတ် ဖမ်းဆီးခြင်း ပြုလုပ်ထားမှု ရှိမရှိကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
Source;Thaiger
