ထိုင်းနိုင်ငံ ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာန (DoLA) ၏ ဝန်ထမ်းခေါ်ယူရေးစာမေးပွဲတွင် ရမှတ်ပြင်ဆင်ပေးပြီး အလုပ်သွင်းပေးမည်ဟုဆိုကာ တစ်ဦးလျှင် ဘတ် ၃ သိန်းစီဖြင့် စုစုပေါင်း ဘတ် ၉ သိန်း လာဘ်ငွေယူခဲ့သည့် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့မှုဖြင့် ဖူးခက်ပြည်နယ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး မစ္စတာ ရွန်ရွမ် ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (ACD) က ဇွန်လ ၂၆ ရက် (သောကြာနေ့) ညနေပိုင်းတွင် ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူ ရွန်ရွမ်သည် စာမေးပွဲကျရှုံးဖူးသည့် နစ်နာသူ ၃ ဦးအား DoLA ရှိ အရာရှိများနှင့် စကားပြောကာ စာမေးပွဲအောင်မြင်ပြီး နိုင်ငံ့ဝန်ထမ်းအလုပ်ရအောင် လုပ်ပေးနိုင်ကြောင်း ပြောဆိုကာ တစ်ဦးလျှင် ဘတ် ၃၀၀,၀၀၀ စီ တောင်းခံခဲ့သည်။
နစ်နာသူများသည် ၎င်းအား ၂၀၂၀ ပြည့်နှစ် နာရသီဝပ်ခရိုင်တွင် ခရိုင်အရာရှိအဖြစ် တာဝန်ကျစဉ်ကတည်းက သိကျွမ်းခဲ့ကြခြင်းဖြစ်ပြီး ယခုနှစ် မတ်လအတွင်းက ငွေများပေးခဲ့ကြသော်လည်း အမှန်တကယ် စာမေးပွဲစစ်ဆေးချိန်တွင် တစ်ဦးမျှ အောင်မြင်ခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။
၎င်းအား အဂတိလိုက်စားမှုဆိုင်ရာ တရားရုံးက အမှုဖွင့်ထားပြီး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်ထက်မနည်း ကျခံရနိုင်ကာ လက်ရှိတွင် ဘတ် ၁၀၀,၀၀၀ တင်ပြ၍ တင်းကျပ်သော စည်းကမ်းချက်များဖြင့် ယာယီအာမခံ ပေးထားသည်။
တရားခံ ရွန်ရွမ်သည် ယခင်ကတည်းက အရှုပ်တော်ပုံများဖြင့် နာမည်ကြီးနေသူ တစ်ဦးဖြစ်သည်။ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ဖူးခက် ပတ်တောင်ရှိ ဖျော်ဖြေရေးလုပ်ငန်းများ (Entertainment venues) ထံမှ လာဘ်ငွေတောင်းခံသည့် ကိစ္စဖြင့် အခြားအရာရှိ ၄ ဦးနှင့်အတူ ဘန်ကောက်သို့ ရက် ၃၀ ရာထူးရွှေ့ပြောင်း စစ်ဆေးခြင်း ခံခဲ့ရပြီး ဇွန်လ ၂၆ ရက် (ဖမ်းဆီးခံရသည့်နေ့) ၌ပင် ၎င်း၏ ရာထူးနေရာသို့ ပြန်လည်တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းသည် အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်းက DoLA ညွှန်ကြားရေးမှူးချုပ်ထံမှ ဘူမ်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) ၏ အရောင်ဖြစ်သော “အပြာရောင်ကို ကူညီပေးပါ” ဟူသည့် Line Message ပေါက်ကြားမှုတွင်လည်း ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပါတယ်။
Source;Bangkok Post
#Mingalarnews #Mingalarnews #PhuketExamScandal2026 #RungruangThimabut #DoLACorruption #AntiCorruptionThailand
