ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နှင့် စီးပွားရေးမှုခင်းနှိမ်နင်းရေးဌာနတို့ ပူးပေါင်းကာ ဘန်ကောက်မြို့၊ ပရာဝက် (Prawet) မြို့နယ်ရှိ အဆင့်မမီသော အသင့်သောက် လ်ိမ္မော်ရည်ထုတ်လုပ်သည့် စက်ရုံနှင့် ဂိုဒေါင်တို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံမှ တရားမဝင်မှောင်ခိုတင်သွင်းထားကာ ထိုင်း FDA အသိအမှတ်ပြုလိုင်စင်မရှိသည့် လိမ္မော်သီးဖတ်ဘူးခွံ ၂ တန်ကျော် (တန်ဖိုး ဘတ် ၅ သိန်းကျော်) ကို ဝယ်ယူအသုံးပြုထားကြောင်း လက်ပူးလက်ကျပ် ဖမ်းဆီးရမိခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (မနေ့က) တွင် ရဲတပ်ဖွဲ့သည် တရားရုံးရှာဖွေဝရမ်းဖြင့် ဘန်ကောက်မြို့၊ အွန်နွတ် ၆၆ လမ်းသွယ် (Soi On Nut 66) ထဲရှိ ကုမ္ပဏီတစ်ခုနှင့် နံပါတ်မပါသော ဂိုဒေါင်တစ်ခုတို့ကို ဝင်ရောက်ရှာဖွေခဲ့သည်။
စစ်ဆေးရာတွင် နိုင်ငံခြားစာသားများပါရှိပြီး အခွန်ရှောင်ကာ မှောင်ခိုသွင်းလာသည့် လ်မ္မော်ဖတ်ဘူးကြီးပေါင်း ၆၇၂ ဘူး (တစ်ဘူးလျှင် ၃ ကီလိုဂရမ်) စုစုပေါင်းအလေးချိန် ၂,၀၁၆ ကီလိုဂရမ် (၂ တန်ကျော်) ကို ဝှက်မ်းထားသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ လိမ္မော်ဖတ်ဘူးများကို လိုင်စင်မဲ့ အသင့်သောက်လိမ္မော်ရည်ဘူးများ ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။

ကုမ္ပဏီဒါရိုက်တာဖြစ်သူ အသက် ၄၄ နှစ်အရွယ် Ms. Lampoo က အဆိုပါလိမ္မော်ဖတ်များကို တရုတ်နိုင်ငံမှ တရားဝင်သွင်းကုန်အထောက်အထားနှင့် FDA လိုင်စင်မရှိဘဲ ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၎င်းစက်ရုံသည် လိမ္မော်ရည်များကို ညဘက်တွင် တရားမဝင်ချက်လုပ်ပြီး နေ့ဘက်တွင် မှာယူထားသည့် အော်ဒါများအတိုင်း လိုက်လံဖြန့်ဖြူးရောင်းချနေခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က မလမ်ဖူအား ၂၅၆၀ အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၄၆ အရ “တရားမဝင် မှောင်ခိုကုန်ပစ္စည်းမှန်း သိလျက်နှင့် လက်ခံခြင်း၊ ဝှက်ပေးခြင်းနှင့် ရောင်းချရန် ကူညီခြင်း” စသည့် ပြစ်မှုများဖြင့် တရားစွဲဆိုထားသည်။ ယခုပြစ်မှုသည် ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ကုန်ပစ္စည်းတန်ဖိုး၏ ၄ ဆအထိ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပြီး တရားခံက အပြစ်ရှိကြောင်း အားလုံးဝန်ခံထားသည်။
အာဏာပိုင်များက ယခုကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်များနှင့် အစားအသောက်များကို တရားမဝင်မှောင်ခိုသွင်းယူခြင်းသည် စားသုံးသူများကို အန္တရာယ်ဖြစ်စေသည့်အပြင် ကူးစက်ရောဂါပိုးမွှားများပါလာနိုင်သဖြင့် ပြည်သူများအနေဖြင့် အသီးဖျော်ရည်များဝယ်ယူရာတွင် FDA အသိအမှတ်ပြုတံဆိပ်ပါဝင်မှုကို သေချာစွာ စိစစ်ဝယ်ယူကြရန် သတိပေးထားပါတယ်။
Source;Thairath
