ဘန်ကောက်၌ လျှပ်စစ်သုံးဝှီးချဲဖြင့် ကားလမ်းပေါ် ထွက်နေသည့် အဘွားကြောင့် ယာဉ်အန္တရာယ် ဒေသခံများ စိုးရိမ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်းခဲ (Bang Khae) နယ်မြေအတွင်း လမ်းမကြီးများပေါ်၌ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသည် လျှပ်စစ်သုံးဝှီးချဲကို မောင်းနှင်၍ သွားလာနေမှု ပုံရိပ်များ လူမှုကွန်ရက်ပေါ်တွင် ပြန်လည်ပျံ့နှံ့လာခဲ့ပြီး၊ ယာဉ်အန္တရာယ် စိုးရိမ်ရသဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး အရေးယူ တားဆီးပေးရန် ဒေသခံများက တောင်းဆိုနေကြပါတယ်ဗျာ။

စက်တင်ဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့် ယာဉ်ကြောပိတ်ဆို့မှု ထူထပ်ချိန်တွင် အဆိုပါ အဘွားဖြစ်သူသည် လျှပ်စစ်သုံးဝှီးချဲဖြင့် ကားလမ်းမကြီးပေါ်သို့ မောင်းနှင်လာပုံကို “My Home Economic Village, Our Bang Khae Neighborhood” ဒေသခံ Facebook စာမျက်နှာက ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

အဆိုပါ အဘွားမှာ ယခုကဲ့သို့ လမ်းမကြီးများပေါ်သို့ လျှပ်စစ်သုံးဝှီးချဲဖြင့် မကြာခဏ ထွက်လေ့ရှိသဖြင့် “Speedy Granny” ဟု နာမည်ကြီးနေသူ ဖြစ်ပြီး၊ ကားများကြားထဲ မောင်းနှင်နေမှုကြောင့် မတော်တဆမှု ဖြစ်ပွားမည်ကို ပတ်ဝန်းကျင်က စိုးရိမ်နေကြသည်။

အဆိုပါ ပို့စ်အောက်တွင် ဒေသခံများနှင့် အင်တာနက်အသုံးပြုသူများက –

-“မြင်ရတာ ရင်မောစရာပါပဲ၊ လမ်းမကြီးတွေပေါ် ခဏခဏ တွေ့ရတယ်၊ ဘာလို့ တားဆီးမယ့်သူ မရှိတာလဲ”

-“မတော်တဆမှု ဖြစ်ရင် တခြားသူတွေကိုပါ ဒုက္ခရောက်စေနိုင်တယ်” ဟု ဝေဖန်ရေးသားထားကြပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အဆိုပါ အဘွားအား အန္တရာယ်ကင်းရှင်းအောင် တားဆီးအရေးယူပေးရန် တောင်းဆိုထားကြသည်။

Source;Khaosod