လေယာဉ်ပေါ်တွင် ခရီးသည်များ၏ ကတ်များခိုးယူ၍ ဘတ် ၃ သိန်းနီးပါး လိမ်လည်သူ တရုတ်အမျိုးသား ဒွန်မောင်းတွင် ဖမ်းဆီးခံရ

လေယာဉ်စီးနင်းစဉ် ခရီးသည်များ အိပ်ပျော်နေချိန် သို့မဟုတ် အာရုံလွဲနေချိန်၌ ဦးခေါင်းအထက် အိတ်ထည့်စင်များအတွင်းမှ ခရက်ဒစ်ကတ်များနှင့် ငွေကြေးများကို ခိုးယူကာ ဘတ် ၂၉၃,၀၀၀ နီးပါး မတရား လိမ်လည်သုံးစွဲခဲ့သည့် တရုတ်အမျိုးသားတစ်ဦးအား ဘန်ကောက်မြို့၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဖမ်းဆီးခံရသူမှာ အသက် ၅၁ နှစ်အရွယ် တရုတ်နိုင်ငံသား “ကျန်းယွီချန်” (Zheng Yu Qlang) ဖြစ်ပြီး ၎င်းထံမှ ခရက်ဒစ်ကတ်များ၊ ဖုန်း ၂ လုံး၊ နိုင်ငံခြားငွေကြေး ၁၂ မျိုးနှင့် ထိုင်းဘတ်ငွေ ၃၅,၉၅၀ ကျော်ကို အထောက်အထားအဖြစ် သိမ်းဆည်းရမိခဲ့သည်။

စက်တင်ဘာနှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း ချင်းရိုင်မှ ဒွန်မောင်းနှင့် ချင်းမိုင်မှ ဒွန်မောင်းသို့ ပျံသန်းသည့် လေယာဉ် ၂ စီးပေါ်တွင် ခရီးသည်များ၏ ခရက်ဒစ်ကတ်များ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ လေယာဉ်တက်ပြီး မိနစ် ၃၀ ခန့်အကြာ ခရီးသည်များ အနားယူချိန်၌ မိမိအိတ်ကို ပြန်ယူသည့်ပုံစံမျိုး ဟန်ဆောင်ကာ ခိုးယူခဲ့ခြင်းဖြစ်သည်။

လေယာဉ် ဆင်းပြီးသည်နှင့် တပြိုင်နက် ခိုးယူထားသည့် ခရက်ဒစ်ကတ်များကို တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်နှင့် ဟောင်ကောင်တို့တွင် ဘတ် ၂၆၅,၀၀၀ ကျော်နှင့် ဘတ် ၂၇,၅၉၅ ခန့် အသီးသီး လိမ်လည် သုံးစွဲသွားခဲ့သည်။

သံသယရှိသူ တရုတ်အမျိုးသားက ငြင်းဆန်ထားသော်လည်း လေယာဉ် ၂ စီးစလုံးတွင် ၎င်းပါဝင်စီးနင်းခဲ့သည့် မှတ်တမ်းများ ရရှိထားသည်။ လေယာဉ်ဆင်းပြီး မကြာမီ ကတ်များကို အလျင်အမြန် သုံးစွဲနိုင်ခဲ့သဖြင့် ပျေ့ာင်ပါး (Portable) ငွေချေစက်များ အသုံးပြုထားခြင်း ဟုတ်၊ မဟုတ်နှင့် အဖွဲ့လိုက် ကျူးလွန်ခြင်း ဟုတ်၊ မဟုတ် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းလျက် ရှိပါသည်။

Source;Thaiger