ဒီဖြစ်ရပ်ဟာ ဘန်လမွန် (Bang Lamung) နယ်မြေ၊ နောင်ပရူး (Nong Prue) ရှိ လမ်းမတစ်ခုပေါ်မှာ မနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့တာပါ။
ဒဏ်ရာရရှိသူမှာ Sawang Boriboon Pattaya Foundation မှ အသက် ၂၇ နှစ်အရွယ် ကယ်ဆယ်ရေးဝန်ထမ်း ပညာ (Panya) ဖြစ်ပါတယ်။ သူဟာ တခြားသော စေတနာ့ဝန်ထမ်းတွေနဲ့ သွားရောက်တွေ့ဆုံဖို့ ဆိုင်ကယ်မောင်းနှင်လာစဉ်မှာ ဒီမတော်တဆမှု ဖြစ်ခဲ့တာပါ။လမ်းပေါ်မှာ နိမ့်ကျနေတဲ့ အင်တာနက်ကြိုးကို သူက မမြင်ခဲ့ဘဲ ဆိုင်ကယ်မောင်းလာစဉ် လည်ပင်းမှာ ကြိုးက ငြိပြီး တင်းကျပ်သွားခဲ့တာ ဖြစ်ပါတယ်။ အရှိန်ကြောင့် အဝတ်အစားတွေပါ ပြဲထွက်သွားပြီး လည်ပင်းမှာ နက်ရှိုင်းတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်းထောက်တွေ သွားရောက်စစ်ဆေးရာမှာ အဆိုပါလမ်းတစ်လျှောက်မှာ လျှပ်စစ်ကြိုးတွေနဲ့ ဆက်သွယ်ရေးကြိုးတွေဟာ စနစ်တကျမရှိဘဲ ဖရိုဖရဲ ဖြစ်နေတာကို တွေ့ရပါတယ်။ အချို့ကြိုးတွေဟာ လမ်းသွားလမ်းလာတွေအတွက် အလွန်အန္တရာယ်ရှိတဲ့အထိ နိမ့်ကျနေပါတယ်။ အလားတူဖြစ်ရပ်မျိုး တခြားနေရာမှာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ စပိန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည်တစ်ဦးနဲ့ အာဂျင်တီးနားနိုင်ငံသားတစ်ဦးတို့ဟာလည်း လည်ပင်းအမြင့်လောက်မှာ ရှိနေတဲ့ ကေဘယ်လ်ကြိုးနဲ့ ငြိပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့လို့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
ကံကောင်းလို့ အသက်မသေခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်အောင် သက်ဆိုင်ရာဌာနတွေအနေနဲ့ ဒီကြိုးတွေကို စနစ်တကျ ရှင်းလင်းပေးဖို့ ဒဏ်ရာရသူ ပညာက တောင်းဆိုထားပါတယ်။ ဒါ့အပြင် တာဝန်ရှိတဲ့ ကုမ္ပဏီကိုလည်း ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသွားမှာ ဖြစ်ပါတယ်။
Source;Thaiger
