ထိုင်းနိုင်ငံ၊ စမုတ်ပရာကန်ခရိုင် (Samut Prakan) ရှိ ဟိုတယ်အခန်းတစ်ခန်းအတွင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက် က စစ်ဆေးမှုများကို ရှောင်လွှဲရန်အတွက် မူးယစ်ဆေးဝါးဟု သံသယရှိရသည့် ဆေးတောင့် (Capsules) ပေါင်း ၅၀ ကျော်ကို မျိုချခဲ့သည့် အသက် ၂၄ နှစ်အရွယ် တူရကီနိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးနေကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
သတင်းအရ ရာချာသေဝါ (Racha Thewa) ရပ်ကွက်၊ ဘန်ဖီဒေသ (Bang Phli District) ရှိ အဆိုပါဟိုတယ်သို့ နယ်မြေခံရဲတပ်ဖွဲ့နှင့် ရူအမ်ကတာညူ ကယ်ဆယ်ရေးဖောင်ဒေးရှင်း (Ruamkatanyu Foundation) တို့ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။
အသက် ၂၄ နှစ်အရွယ် “ဘာပန်” (Bapan) အမည်ရှိ တူရကီအမျိုးသားသည် အခန်းတွင်းရှိ ကုတင်စောင်းတွင် မှီလျက်သားဖြင့် သေဆုံးနေတာကို တွေ့ရှိရခြင်း ဖြစ်ပါတယ်။
ရေချိုးခန်းအနီးနှင့် ဝမ်းစာအညစ်အကြေးများ ပေကျံနေသည့် အနက်ရောင် ပလတ်စတစ်အိတ်တစ်ခုအတွင်း၌ သံသယဖြစ်ဖွယ် ဆေးတောင့်ပုံစံ အထုပ်ငယ်ပေါင်း ၅၀ ကျော် ပြန့်ကျဲလျက် တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့၏ ကနဦးသုံးသပ်ချက်အရ သေဆုံးသူသည် အဆိုပါမူးယစ်ဆေးတောင့်များကို ခန္ဓာကိုယ်အတွင်း ဝှက်ထားရန် မျိုချခဲ့ပြီးနောက် ပြန်လည်စွန့်ထုတ်ရန် ကြိုးစားရင်း (သို့မဟုတ်) ဆေးတောင့်များ ဗိုက်ထဲတွင် ပေါက်ထွက်ကာ ဆေးအလွန်အကျွံဖြစ်ပြီး သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။ လက်ရှိတွင် ရုပ်အလောင်းကို အသေးစိတ် ခွဲစိပ်စစ်ဆေးရန် ပို့ဆောင်ထားပြီး ထိုင်းနိုင်ငံရှိ တူရကီသံရုံးသို့လည်း ဆက်သွယ်အကြောင်းကြားထားပါတယ်။
အလားတူ ဖြစ်စဉ်မျိုးအနေဖြင့် ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့ (Pattaya) တွင်လည်း မူးယစ်ဆေးဝါး အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းအရ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ နိုက်ဂျီးရီးယားနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
Source;Thiager
