ဘန်ကောက်မြို့၊ ဟွေခွမ် (Huai Khwang) နယ်မြေအတွင်း ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်) မကူးခင် မိုးလင်းပိုင်းက ကယ်ရီခ (ယာဉ်စီးခ) ကိစ္စ စကားများရန်ဖြစ်ရာမှတစ်ဆင့် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (Border Patrol Police) တစ်ဦးက ဆိုင်ကယ်ကယ်ရီသမား (Motorsai) အုပ်စုကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ရုတ်တရက် ပစ်ခတ်ခဲ့သဖြင့် ကယ်ရီသမား ၁ ဦး နေရာမှာတင် သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် တုန်လှုပ်ဖွယ်ရာ မှုခင်းဖြစ်ပွားခဲ့ပါတယ်။
ယနေ့ နံနက် ၂:၅၀ နာရီဝန်းကျင်တွင် ဒင်ဒေန်း (Din Daeng) မြို့နယ်၊ Prachasongkhro 38 လမ်းအဝင်၊ ကီယက်ထောင်ချိုင်းစျေးအနီးရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ဟွေခွမ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်း သွားရောက်စစ်ဆေးခဲ့သည်။
ပစ်ခတ်မှုကြောင့် ကယ်ရီအကျီအမှတ် ၁၂ ဝတ်ဆင်ထားသည့် အသက် ၃၇ နှစ်အရွယ် ကိုဖူးရစ် (Phurit) တွင် ကျောကုန်း၌ သေနတ်ဒဏ်ရာ ၃ ချက်မှ ၄ ချက်ခန့် ထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ အတူရှိနေသည့် အသက် ၄၆ နှစ်အရွယ် ကိုကီယက်ဆပ် (Kiatsak) နှင့် အသက် ၄၈ နှစ်အရွယ် ကိုချာရင် (Charin) တို့တွင်လည်း ပေါင်နှင့် လက်များ၌ သေနတ်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရသည်။
မျက်မြင်သက်သေများ၏ အဆိုအရ သေနတ်သမားသည် ကယ်ရီဂိတ်တွင် နားနေသည့် ကယ်ရီသမားများနှင့် ကယ်ရီခကိစ္စ အခြေအတင် စကားများခဲ့ရာမှ ဒေါသအလျောက် ၎င်း၏ လွယ်အိတ်အတွင်းမှ ပစ္စတိုသေနတ်ကို ထုတ်ယူကာ လူအုပ်ထဲသို့ အချက်ပေါင်းများစွာ ရမ်းသန်းပစ်ခတ်ပြီး အငှားတက္ကစီ (Taxi) ဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မကြာမီမှာပင် သေနတ်သမားသည် မက္ကဆန် (Makkasan) ရဲစခန်းသို့ သွားရောက်ကာ ကိုယ်တိုင်အမှုဖွင့် အလင်းဝင်ရောက် အဖမ်းခံခဲ့သည်။ စစ်ဆေးချက်အရ တရားခံမှာ အသက် ၃၃ နှစ်အရွယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး နမ်တပ် (Police Senior Sergeant Major Namtap Pakwattana) ဖြစ်ကြောင်း အတည်ပြုရပြီး၊ ၎င်းကလည်း ကယ်ရီခကိစ္စ စကားများရာမှ ဒေါသအလျောက် ပစ်ခတ်မိခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။
Source;Khoasod
