ဥရောပတစ်ခွင်ရှိ ရင်းနှီးမြှုပ်နှံသူပေါင်း များစွာကို ငွေကြေးအမြတ်အစွန်း အဆမတန်ပေးမည်ဟုဆိုကာ ထိုင်းဘတ် ၇.၅ ဘီလီယံ (ယူရို သန်း ၂၀၀ ခန့်) နီးပါး လိမ်လည်လှည့်ဖြားခဲ့သည့် အသက် ၃၈ နှစ်အရွယ် ပြင်သစ်နိုင်ငံသားတစ်ဦးကို ပြီးခဲ့သည့် စနေနေ့က ဖက်ချာပူရီခရိုင် (Phetchaburi)၊ ချအမ်မြို့နယ်ရှိ Pool Villa တစ်ခုတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖမ်းဆီးရမိသူမှာ အသက် ၃၈ နှစ်အရွယ် ပြင်သစ်နိုင်ငံသား “မစ္စတာ ဒိုဂန်” (Mr. Dogan) ဖြစ်ပြီး၊ ပြင်သစ်နှင့် တူရကီနိုင်ငံတို့မှ ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းများအပြင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ ၏ အနီရောင်အဆင့် ဝရမ်း ဖြင့် အပူတပြင်း အလိုရှိနေသူဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ခွဲ (၃) မှူး Pol Maj Gen Songprote Sirisukha ၏ ပြောကြားချက်အရ သတင်းအရ တရားခံပုန်းအောင်းနေသည့် ချအမ်ရှိ Pool Villa ကို စီးနင်းခဲ့ရာ ဇွန်လ ၂၀ ရက် စနေနေ့တွင် တရားခံကို လက်ရဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ၎င်းအား မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းတရားစွဲဆိုရန် ပြင်ဆင်နေသည်။
စုံစမ်းစစ်ဆေးချက်များအရ မစ္စတာ ဒိုဂန်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် အခြေစိုက်သည့် လူ (၅) ဦးပါဝင်သော ငွေကြေးလိမ်လည်မှုဂိုဏ်း၏ အဓိက အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
၎င်းဂိုဏ်းသည် ၂၀၂၂ ခုနှစ်တွင် “ဒစ်ဂျစ်တယ်ဘဏ္ဍာရေးကုမ္ပဏီ” တစ်ခုကို အယောင်ပြတည်ထောင်ခဲ့ပြီး ဒူဘိုင်းရှိ အကြီးစားဘဏ္ဍာရေးလုပ်ငန်းကြီးများနှင့် နီးကပ်သော ဆက်ဆံရေးရှိကြောင်း လိမ်လည်ကြေညာခဲ့သည်။
ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နှင့် နယူးဇီလန်နိုင်ငံတို့တွင် နေထိုင်ကြသည့် တူရကီနွယ်ဖွားများကို အဓိကပစ်မှတ်ထားကာ တစ်ဦးလျှင် ယူရို ၂၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ရင်းနှီးမြှုပ်နှံရန် စည်းရုံးခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများကို တစ်လလျှင် ၁၅% အထိ အမြတ်ငွေပေးမည်၊ တစ်နှစ်လျှင် ရင်းနှီးမတည်ငွေ၏ ငါးဆအထိ အကျိုးအမြတ်ရရှိစေရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူအသစ်များ ထပ်မံခေါ်ယူပေးနိုင်ပါက ၁၀% ဘောနပ်စ် ထပ်ပေးမည်ဟုဆိုကာ သားကောင်များကို စည်းရုံးခဲ့သည်။
လက်ရှိအချိန်အထိ ၎င်းတို့ဂိုဏ်း၏ လိမ်လည်လှည့်ဖြားခြင်းကို ခံခဲ့ရသည့် သားကောင်ပေါင်း (၉၀၀) ခန့်ရှိနေပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ယူရိုသန်း ၂၀၀ (ထိုင်းဘတ် ၇.၅ ဘီလီယံခန့်) အထိ ရှိနေကြောင်း သိရပါတယ်။
Source;Bangkok Post
