ထိုင်းနိုင်ငံ၊ နွန်ထဘူရီ (Nonthaburi) ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်အလောင်းဖျောက်ဖျက်မှုတစ်ခု၌ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက ရေကန်အတွင်း နစ်မြှုပ်ထားသည့် အပြာရောင် ပလတ်စတစ်ပုံးကြီးတစ်ပုံးကို ဆယ်ယူနိုင်ခဲ့ပြီး၊ အထဲတွင် ဘိလပ်မြေများဖြင့် ဖုံးအုပ်ကာ အစိတ်စိတ်အမွှာမွှာ ခုတ်ထစ်ထားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပါတယ်။
ဇူလိုင်လ ၁ ရက် (မနေ့က) ညနေ ၅:၀၀ နာရီဝန်းကျင်တွင် နွန်ထဘူရီရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များအဖွဲ့သည် “ဂျီယာ” (သို့မဟုတ်) မစ္စတာ အူတန် (Mr. Uten) ဆိုသူ၏ လူသတ်မှုဖြစ်စဉ်ကို လိုက်လံစုံစမ်းရာမှ Bang Bua Thong နယ်မြေရှိ ရေကန်တစ်ခုအတွင်း ကျောက်ခဲ၊ ဘိလပ်မြေများဖြင့် အလေးချိန်စီးပြီး နှစ်မြှုပ်ထားသည့် အပြာရောင် ပလတ်စတစ်ပုံးကြီးကို ရှာဖွေဆယ်ယူနိုင်ခဲ့သည်။
အဆိုပါပုံးအဖုံးကို ဖွင့်လိုက်ချိန်တွင် အလွန်ပြင်းထန်သော အပုပ်နံ့များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အထဲတွင် ဘိလပ်မြေများ အခဲလိုက်ပိတ်နေသဖြင့် ရဲတပ်ဖွဲ့က လျှပ်စစ်လွှဖြင့် ပုံးကို ဖြတ်တောက်ခဲ့ရရာ လွှပြား ၃ ပြားအထိ ကျိုးပျက်သွားခဲ့သည်။
ပုံးအတွင်းရှိ ဘိလပ်မြေများကို တူးဆွစစ်ဆေးရာတွင် ခုတ်ထစ်ဖြတ်ပြီး ထည့်ထားသည့် သေဆုံးသူ အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရသည်။ မှုခင်းရဲတပ်ဖွဲ့နှင့် ရဲဆေးရုံမှ မနုဿဗေဒဆရာဝန်များသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သက်သေခံပစ္စည်းများကို အသေးစိတ်စုဆောင်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိတွင် သေဆုံးသူမှာ အမျိုးသားတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း ၎င်းသည် ပျောက်ဆုံးနေသူ မစ္စတာ အူတန် ဟုတ်မဟုတ်ကိုမူ တိကျသေချာစေရန်အတွက် ဒီအန်အေ (DNA) စစ်ဆေးခြင်းနှင့် အထောက်အထားစိစစ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိကြီးများက သေဆုံးရသည့်အကြောင်းရင်းနှင့် တရားခံများကို ဖော်ထုတ်ရန်အတွက် မကြာမီ တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပါတယ်။
Source;Thairath
