ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်ရှိ Khao Kheow Open Zoo သည် ကမ္ဘာကျော် စူပါစတား ရေမြင်းပုလေး “မူးဒန်း” ၏ ၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် “Moo Deng HAPPY Deng DAY”ပွဲတော်ကို ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် ညွှန်ကြားရေးမှူး မစ္စတာ နရုန်းဝစ် (Narongwit Chodchoi) က ကြေညာလိုက်ပါတယ်။
မူးဒန်း၏ မွေးနေ့အစစ်ဖြစ်သော ဇူလိုင်လ ၁၀ ရက်နေ့တွင် လာရောက်လည်ပတ်သူများသည် မူးဒန်းအတွက် မွေးနေ့သီချင်း အတူတူဆိုပေးနိုင်မည့်အပြင် အထူးစီမံထားသည့် မွေးနေ့ကိတ်ကျွေးမွေးခြင်းကိုလည်း အနီးကပ်ကြည့်ရှုခွင့် ရရှိမည်ဖြစ်သည်။
ယခုပွဲတော်တွင် ရေမြင်းများ၏ နေထိုင်မှုဘဝ ပိုမိုကောင်းမွန်လာစေရန်နှင့် လာရောက်သူများကို ပညာပေးဗဟုသုတများ ပိုမိုပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ထားသည့် ရေမြင်းဇုန်အသစ် “Hippo Village” ကိုလည်း တစ်ပါတည်း မိတ်ဆက်ဖွင့်လှစ်သွားမည်ဖြစ်သည်။
၃ ရက်တာကာလအတွင်း တိရစ္ဆာန် Mascot အရုပ်လန်းများ၏ လှည့်လည်အကပဒေသာပြပွဲ၊ ဆုလက်ဆောင်များစွာပါဝင်မည့် ဂိမ်းစတိုးဆိုင်များ၊ မူးဒန်းအတွက် မွေးနေ့ဆုတောင်းလွှာ ရေးသားခြင်း၊ အထိမ်းအမှတ် အမှတ်တရပစ္စည်းများနှင့် ချွန်ပူရီပြည်နယ်၏ ဒေသထွက် OTOP အဆင့်မြင့်ကုန်ပစ္စည်းများ အရောင်းပြခန်းများ ပါဝင်မည်ဖြစ်သည်။
အဆိုပါ ဇူလိုင် ၁၀ ရက်မှ ၁၂ ရက်အတွင်း လာရောက်လည်ပတ်ကြမည့် အသက် ၁၂ နှစ်နှင့်အောက် (သို့မဟုတ်) အရပ် ၁၃၅ စင်တီမီတာအောက် ကလေးငယ်များ နှင့် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကို ဥယျာဉ်အတွင်းသို့ အခမဲ့ ဝင်ရောက်ခွင့် ပြုမည်ဖြစ်သည်။ (သို့သော် ယာဉ်မောင်းနှင် ဝင်ရောက်ခွင့်ကြေးကိုမူ ပုံမှန်အတိုင်း ကောက်ခံသွားမည်ဖြစ်သည်)။
Source;Khaosod
