ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာကျော် ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့ BTS ၏ ဖျော်ဖြေပွဲလက်မှတ်များကို ဆိုရှယ်မီဒီယာပေါ်၌ အကောင့်တုများဖြင့် လိမ်လည်ရောင်းချကာ ပရိသတ် ၁၀၅ ဦးထံမှ စုစုပေါင်း ငွေကြေး ဘတ် ၁.၈ သန်းကျော်လိမ်လည်ခဲ့သည့် ဂိုဏ်းဝင် ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်နှင့် ဆူရတ်ထာနီတို့တွင် ဖမ်းဆီးလိုက်ပါတယ်။
BTS ဖျော်ဖြေပွဲလက်မှတ် ဝယ်လိုအားမြင့်မားမှုကို အခွင့်ကောင်းယူကာ အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြားရှိ တရားခံ ၅ ဦးသည် ဆိုရှယ်မီဒီယာနှင့် X (Twitter) ပေါ်တွင် လက်မှတ်အကျိုးဆောင်အယောင်ဆောင် အကောင့်တုများဖွင့်ကာ လိမ်လည်ခဲ့ခြင်းဖြစ်သည်။
လူပေါင်း ၁၀၅ ဦး လိမ်လည်ခံခဲ့ရပြီး တစ်ဦးလျှင် ပျမ်းမျှ ဘတ် ၁၇,၇၀၀ ခန့် ဆုံးရှုံးခဲ့ကာ၊ စုစုပေါင်း ဆုံးရှုံးမှု ဘတ် ၁.၈ သန်းကျော်ရှိခဲ့သဖြင့် CPPD ထံ တိုင်ကြားခဲ့ကြသည်။
အကောင့်တုများပြုလုပ်သူ တရားခံတစ်ဦးက ၎င်းအနေဖြင့် လိမ်လည်ရရှိငွေများအနက် ဘတ် ၈၀၀,၀၀၀ ခန့်ကို ပြည်ပခရီးသွားခြင်းနှင့် Designer handbags ဝယ်ယူခြင်းတို့တွင် သုံးစွဲပစ်ခဲ့ကြောင်း ဝန်ခံထားသည်။
ကျန်တရားခံအချို့ကမူ ၎င်းတို့သည် အွန်လိုင်းအလုပ်ရှာဖွေရေးဂရုများမှတစ်ဆင့် TrueMoney e-Gift စနစ်ဖြင့် ငွေလွှဲလက်ခံပေးရန် တစ်ကြိမ်လျှင် ဘတ် ၂၀၀ မှ ၂,၀၀၀ ကြားရသဖြင့် လုပ်ကိုင်ပေးခဲ့ခြင်းဖြစ်ပြီး လိမ်လည်မှုငွေများဖြစ်မှန်း နောက်မှသိရကြောင်း ထွက်ဆိုခဲ့ကြသည်။ ၎င်းတို့အားလုံးကို အများပြည်သူလိမ်လည်မှု၊ ကွန်ပျူတာဥပဒေချိုးဖောက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။
Source;Khaosod
