ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်နေ့အတွင်း တစ်နိုင်ငံလုံး၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း (၃) ကြိမ်မြောက် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပြီး၊ အပူပိုင်းမုန်တိုင်း Noeul သည် ယမန်နေ့ညက တောင်တရုတ်ပင်လယ် မြောက်ပိုင်းသို့ စတင်ဝင်ရောက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
ရွာသွန်းမည့် ကာလကတော့ ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်နေ့အထိရွာသွန်းမှာဖြစ်ပြီး မုတ်သုံလေနှင့် ကုန်းတွင်းမုတ်သုံလေအားကောင်းမှုတို့ကြောင့် အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်းတို့တွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်သည်။
တောင်ကျရေလျှံခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းများနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် တောင်ခြေအနီးတွင် နေထိုင်သူများနှင့် ရေလမ်းကြောင်းအနီးနေထိုင်သူများ အထူးဂရုပြုကြရန် နှိုးဆော်ထားသည်။
ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင်် လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိ ရှိနိုင်ပြီး မုန်တိုင်းဆင်တက်ပါက ၃ မီတာထက် ကျော်လွန်နိုင်သည်။ စက်လှေငယ်များ ပင်လယ်ပြင်သို့ ထွက်ခွာခြင်းမပြုရန် တားမြစ်ထားသည်။
ကွေ့ကမ်းလက် (Gulf of Thailand) နှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် လှိုင်းအမြင့် ၂ မီတာခန့် ရှိမည်ဖြစ်သည်။ သင်္ဘောသားများနှင့် ရေလုပ်သားများ သတိထား မောင်းနှင်ကြရန် အသိပေးထားသည်။
လက်ရှိတွင် ဖိလစ်ပိုင်မြောက်ပိုင်း၌ ရောက်ရှိနေပြီး ယနေ့ည (ဇူလိုင် ၂၄) တွင် တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်ကာ ဇူလိုင် ၂၆ မှ ၂၇ ရက်အတွင်း တရုတ်နိုင်ငံ၊ ဂွမ်ဒုန်း (Guangdong) ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်မည်ဖြစ်သည်။
အဆိုပါမုန်တိုင်းသည် ထိုင်းနိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်မည်မဟုတ်ပါ။ သို့သော် အဆိုပါဒေသများသို့ ခရီးသွားမည်ဆိုပါက ရာသီဥတုအခြေအနေကို ကြိုတင်စိစစ်ကြရန် အကြံပြုထားသည်။
Source;Thairath
