ဘန်ကောက်၊ ဇူလိုင် ၂၇ (၂၀၂၆) International Novel Festival 2026 ပွဲအတွင်း ပွဲဝန်ထမ်းနှင့် တရုတ်ပရိသတ် အမျိုးသမီးတစ်ဦးတို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွက် ထိုင်းထိပ်တန်း အနုပညာထုတ်လုပ်ရေး GMMTVက တောင်းပန်စာ ထုတ်ပြန်ခဲ့သော်လည်း၊ ယင်းတောင်းပန်မှုမှာ ထိုင်းနှင့် တရုတ် ပရိသတ်အသိုင်းအဝိုင်းကြား အွန်လိုင်းပေါ်တွင် ပိုမိုကြီးမားသော အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်စေခဲ့ပါတယ်။
စတင်ဖြစ်ပွားပုံမှာ သီးသန့်ဖိတ်ကြားထားသည့် နေရာ (Reserved Area) အတွင်းသို့ တရုတ်ပရိသတ် အမျိုးသမီးတစ်ဦး ဝင်ရောက်ထိုင်ခုံယူရာမှ စတင်၍ နေရာထိုင်ခင်းဆိုင်ရာ စကားအချေအတင် ဖြစ်ပွားခဲ့သည်။
အဆိုပါ အမျိုးသမီးအား အပြင်သို့ ထွက်ခွာခိုင်းစဉ် ပွဲစီစဉ်သည့် ဝန်ထမ်းနှင့် ဘေးပရိသတ်များအကြား ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အထိ အခြေအနေများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
GMMTV ၏ ပဏာမ စုံစမ်းစစ်ဆေးမှုအရ ပါဝင်ပတ်သက်ခဲ့သည့် ဝန်ထမ်းမှာ လိုအပ်သည်ထက် ပိုမို၍ အင်အားသုံးပြုမူခဲ့ကြောင်း တွေ့ရှိရသဖြင့် ကုမ္ပဏီအနေဖြင့် မည်သည့် အကြမ်းဖက်မှုကိုမျှ မထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဝန်ထမ်းမှာ ပြင်ပမှ ခေတ္တငှားရမ်းထားသည့် ဝန်ထမ်း (Outsourced Staff) ဖြစ်သော်လည်း သေချာစွာ စီမံကြပ်မတ်ရန် တာဝန်ရှိကြောင်း ဝန်ခံထားပြီး စုံစမ်းစစ်ဆေးမှု မပြီးဆုံးမီအထိ အလုပ်မှ ဆိုင်းငံ့ထားလိုက်သည်။
အဆိုပါ တရုတ်ပရိသတ်အား တရားစွဲဆိုထားသည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့ပြီး ယခုဖြစ်စဉ်သည် လူတစ်ဦးချင်းစီ၏ အငြင်းပွားမှုသာဖြစ်၍ မည်သည့် လူမျိုးစွဲ၊ အမျိုးသားရေးစွဲ ခွဲခြားဆက်ဆံမှုကိုမျှ လက်မခံကြောင်း အသိပေးထားသည်။
GMMTV ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ထိုင်းပရိသတ် အများအပြားက ကုမ္ပဏီအနေဖြင့် မိမိနိုင်ငံသား ဝန်ထမ်းဘက်မှ ကာကွယ်ပေးခြင်းမရှိဘဲ တစ်ဖက်သတ် ဆုံးဖြတ်ခဲ့သည်ဟု စွပ်စွဲကာ မကျေမနပ် ဖြစ်ခဲ့ကြသည်။
လက်ရှိတွင် ထိုင်းနှင့် တရုတ် ပရိသတ်များအကြား လူမှုကွန်ရက် သုံးစွဲသည့် ပလတ်ဖောင်းများပေါ်၌ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အပြန်အလှန် အချေအတင် ငြင်းခုံလျက်ရှိကြပြီး GMMTV ကလည်း နောင်တွင် ယခုကဲ့သို့ မဖြစ်ပွားစေရန် ပွဲကျင်းပရေး စည်းကမ်းများကို ပိုမိုတင်းကြပ်သွားမည်ဟု ကတိပြုထားသည်။
Source;Khaosod
