ထိုင်းနိုင်ငံသူ စျေးရောင်းသူ အမျိုးသမီးတစ်ဦးသည် ထီထိုးခြင်းကို စွန့်လွှတ်ကာ ထီထိုးမည့် ငွေများကို စုဘူးအတွင်း ၂ နှစ်ကြာ ပုံမှန် ထည့်သွင်း စုဆောင်းခဲ့ရာ မထင်မှတ်ဘဲ ဘတ်သောင်းချီ စုမိခဲ့သည့် အတွေ့အကြုံကို လူမှုကွန်ရက်တွင် ဝေမျှခဲ့ရာ ပျံ့နှံ့ရေပန်းစားလျက် ရှိပါတယ်။
“Duenpen Tabla” အမည်ရှိ ဖေ့စ်ဘုတ်ခ် အကောင့်ပိုင်ရှင် ကုန်သည် အမျိုးသမီးသည် ၂ နှစ်ကြာ ပုံမှန် ထီထိုးခဲ့သော်လည်း တစ်ကြိမ်မျှ ထီမပေါက်ခဲ့သဖြင့် နည်းလမ်းသစ် ပြောင်းလဲကာ ထီမထိုးတော့ဘဲ ထီဖိုးကို စုဘူးထဲ စုဆောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထီထွက်သည့် အကြိမ်တိုင်းတွင် ကုန်ကျမည့် ငွေပမာဏကို စုဘူးထဲသို့ မှန်မှန် ထည့်ခဲ့ပြီး ၂ နှစ်အကြာ စုဘူးကို ခွဲကြည့်ရာတွင် ဘတ်သောင်းချီ (၁၀,၀၀၀ ဘတ်ထက်မက) စုမိနေသည်ကို တွေ့ရှိခဲ့ရသည်။
ထိုင်းအစိုးရ ထီကို တစ်လလျှင် ၂ ကြိမ် (၁ ရက်နှင့် ၁၆ ရက်နေ့များတွင်) ဖွင့်လှစ်သဖြင့် ၁ နှစ်လျှင် ၂၄ ကြိမ် ရှိသည်။
အစိုးရ သတ်မှတ်စျေး ထီတစ်စောင်လျှင် ၈၀ ဘတ်နှုန်းဖြင့် ၁ ကြိမ်လျှင် ၅ စောင် ထိုးသူတစ်ဦးသည် ၁ နှစ်လျှင် ၉,၆၀၀ ဘတ် ကုန်ကျမည်ဖြစ်ပြီး၊ ၂ နှစ်ဆိုလျှင် ၁၉,၂၀၀ ဘတ်အထိ ကုန်ကျမည်ဖြစ်သည်။ (ပြင်ပတွင် ကံကောင်းဂဏန်းများကို ဘတ် ၁၀၀ မှ ၁၂၀ အထိ စျေးတင်ရောင်းချလေ့ ရှိသဖြင့် အမှန်တကယ် စုမိသည့် ပမာဏမှာ ထိုထက် ပိုမိုများပြားနိုင်သည်)။
Source;Thaiger
