ဘန်ကောက် ခလောင်ထွန် စင်တာ မီးပြင်းထန်စွာ လောင်ကျွမ်း၊ အဆောက်အအုံ အချို့ ပြိုကျခဲ့သော်လည်း ထိန်းချုပ်နိုင်ခဲ့

ဘန်ကောက်မြို့၊ ဝိုရာချတ် လမ်းမပေါ်ရှိ နာမည်ကြီး ခလောင်ထွန် စင်တာ (Khlong Thom Centre) ၌ သောကြာနေ့ ညပိုင်းက ပြင်းထန်သော မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆောက်အအုံ အချို့ ပြိုကျပြီး ယောင်ဝရတ် လမ်းဘက်ရှိ အနီးနား အဆောက်အအုံသို့ ကူးစက်ခဲ့သော်လည်း ည ၁၁ နာရီကျော်တွင် မီးထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဩဂုတ် ၂၈ ရက် ည ၈:၅၀ နာရီခန့်တွင် ခလောင်သွန် စင်တာ၏ မြေညီထပ်ရှိ ဆိုင်တစ်ဆိုင်မှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ည ၉:၁၅ နာရီတွင် မြေညီထပ် တစ်ခုလုံးနှင့် ထပ်ခိုးသို့ ကူးစက်သွားခဲ့ပြီး ပေါက်ကွဲသံများလည်း ကြားခဲ့ရသည်။

ည ၁၀:၁၆ နာရီတွင် အဆောက်အအုံ အချို့ စတင်ပြိုကျခဲ့ပြီး၊ ည ၁၀:၄၈ နာရီ၌ ယောင်ဝရတ် လမ်းဘက်ရှိ လျှပ်စစ်ပစ္စည်း၊ စပီကာနှင့် ဘက်ထရီများ ရောင်းချသည့် အနီးနား အဆောက်အအုံသို့ မီးကူးစက်ခဲ့သည်။

မီးငြှိမ်းသတ်စဉ် ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း ၁ ဦးနှင့် မီးသတ်သမား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် Klang ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင် ကုသပေးခဲ့ရသည်။

ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt၊ ဒုတိယ ပြည်ထဲရေးဝန်ကြီးနှင့် ဘေးအန္တရာယ် တားဆီးကာကွယ်ရေး ညွှန်ကြားရေးမှူးချုပ်တို့ ဖြစ်စဉ်နေရာသို့ အရေးပေါ် ရောက်ရှိလာပြီး ပို့တက်တောင် ဖောင်ဒေးရှင်းနှင့် ပူးပေါင်းကာ ငြှိမ်းသတ်ရေး လမ်းညွှန်ခဲ့သည်။

မီးသတ်စခန်း အများအပြားမှ မီးသတ်ကားများနှင့် ကယ်ဆယ်ရေး အဖွဲ့များ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ည ၁၁:၁၃ နာရီတွင် မီးကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) က အတည်ပြုခဲ့သည်။

အရေးပေါ် ကူညီရေး ယာဉ်များ သွားလာရလွယ်ကူစေရန် ဝိုရာချတ် လမ်း၊ စာရိုရင်ခရုန်း လမ်းနှင့် လွမ် လမ်းတို့အား သွားလာခြင်း မပြုကြရန်နှင့် အဆောက်အအုံ အန္တရာယ်ရှိသဖြင့် အနီးသို့ သွားရောက်ကြည့်ရှုခြင်း မပြုကြရန် သတိပေးထားသည်။

Source;The Nation