ပတ္တယား ဟိုတယ်အခန်းတွင်းမှ ဘတ် ၁ သန်းကျော်တန် သေတ္တာ ခိုးယူသူ ထိုင်းအမျိုးသား ၂ ဦး ဖမ်းဆီးရမိ

ဟိုတယ်အခန်းတစ်ခုအတွင်းမှ ဘတ် ၁ သန်းကျော် တန်ဖိုးရှိ ရွှေထည်၊ ငွေသားနှင့် အမှတ်တံဆိပ်ပါ အိတ်များကို သေတ္တာလိုက် ခိုးယူသွားသည့် ထိုင်းအမျိုးသား ၂ ဦးအား စက်တင်ဘာ ၃ ရက် ညပိုင်းတွင် ပတ္တယားတောင်ပိုင်းရှိ အငှားခန်းတစ်ခု၌ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က ဖိချစ် (Phichit) ခရိုင်မှ အမျိုးသမီးတစ်ဦး၏ ဟိုတယ်အခန်း (အခန်းအမှတ် ၂၀၈) နောက်ဖေးတံခါး ရိုက်ဖျက်ခံရပြီး ဘတ် ၁၁ ဘတ်အလေးချိန်ရှိ ရွှေထည်များ၊ ငွေသား ဘတ် ၁ သိန်းနှင့် တံဆိပ်ပါ လက်ကိုင်အိတ် ၃ အိတ် (စုစုပေါင်း တန်ဖိုး ဘတ် ၁ သန်းကျော်) ပါရှိသည့် ရာဖ်သေတ္တာ ခိုးယူခံခဲ့ရသည်။

CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံကာ အသက် ၄၂ နှစ်အရွယ် ပတ်ချ်ရာဖုန်း (Patcharapol) နှင့် အသက် ၃၃ နှစ်အရွယ် ခထဝုတ် (Khatawut) တို့အား စက်တင်ဘာ ၃ ရက် ည ၁၁:၂၆ နာရီတွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အငှားခန်းကို သူငယ်ချင်းဖြစ်သူ၏ မှတ်ပုံတင်ဖြင့် ငှားရမ်းထားခဲ့ကြသည်။

ရဲတပ်ဖွဲ့သည် တရားခံများထံမှ ၅ ဘတ်အလေးချိန်ရှိ ရွှေလက်စွပ်၊ ၂ ဘတ်အလေးချိန်ရှိ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ငွေသားအချို့၊ အမှတ်တံဆိပ်ပါ အိတ် ၃ အိတ်နှင့် ခိုးယူခံရသော ရာဖ်သေတ္တာတို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ တရားခံတစ်ဦးသည် ခိုးယူထားသည့် ရွှေလက်ကောက်တစ်ကွင်းကို ရွှေဆိုင်တွင် ရောင်းချကာ ရွှေဆွဲကြိုးအသစ် ပြန်လည်ဝယ်ယူဝတ်ဆင်ထားပြီး၊ ရွှေလက်စွပ်ကိုမူ ချစ်သူမိန်းကလေးအား လက်ဆောင်ပေးရန် သိမ်းဆည်းထားကြောင်း ထွက်ဆိုသည်။ ခိုးယူရရှိသော ငွေများကို ညဘက် လှည့်လည်ပျော်ပါးခြင်းနှင့် အမျိုးသမီးများအား လက်ဆောင်ပေးခြင်းတို့တွင် အသုံးပြုခဲ့ကြသည်။

လက်ရှိတွင် တရားခံ ၂ ဦးစလုံးအား ညဘက် ခိုးမှုကျူးလွန်ခြင်း အပါအဝင် ဥပဒေအတိုင်း ဆက်လက်အရေးယူနိုင်ရန် ပတ္တယားမြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားသည်။

Source;Thaiger