ထိုင်းနိုင်ငံ၊ စမုပရာကန် (Samut Prakan) ခရိုင်ရှိ အဆန်းထွေ အငှားအိမ်တစ်လုံးအတွင်းသို့ အိမ်ရှင်အသစ်ဟု အိုင်ဒီပြသူ လူတစ်စုက အဓမ္မ ဝင်ရောက်လာပြီး ဘတ် သန်း ၃၀ ကျော် တန်ဖိုးရှိ ပစ္စည်းများနှင့် ငွေသားများကို ခိုးယူသွားကြောင်း တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ရဲစခန်း၌ တိုင်ကြားလိုက်ကြောင်း သိရပါတယ်။
မစ္စ ချန်ကျား (Chen Jia) ဆိုသူ တရုတ် အမျိုးသမီးသည် တရုတ်နိုင်ငံသို့ ခေတ္တ ပြန်လည်ရောက်ရှိနေစဉ် အဆိုပါ အိမ်တွင် အိမ်ဖော်အမျိုးသမီးတစ်ဦးသာ ကျန်ရှိခဲ့သည်။
အိမ်ဖော်ဖြစ်သူ အိမ်သို့ ပြန်လာချိန်တွင် ရှေ့တံခါး သော့ခလောက် ကျိုးပျက်နေပြီး အတွင်းရှိ CCTV ကင်မရာကိုလည်း ဖြုတ်ယူသွားသည်ကို တွေ့ရှိခဲ့ရသည်။ ထို့နောက် အိမ်ရှင်အသစ်ဟု ပြောဆိုသည့် လူတစ်စု ရောက်ရှိလာပြီး အိမ်ဖော်အား ၁ နာရီအတွင်း အထုတ်အပိုးပြင်၍ ထွက်သွားရန် ခြိမ်းခြောက် ပြောဆိုခဲ့သည်။
မစ္စ ချန်ကျား ထိုင်းနိုင်ငံသို့ အရေးပေါ် ပြန်လည်ရောက်ရှိလာပြီး စစ်ဆေးရာတွင် ဘတ် ၆ သိန်းတန် ငွေသား အပါအဝင် စုစုပေါင်း ဘတ် သန်း ၃၀ ကျော် တန်ဖိုးရှိ အဖိုးတန် ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
မစ္စ ချန်ကျားသည် အဆိုပါ အိမ်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ၁ နှစ်လျှင် ဘတ် ၃ သန်းဖြင့် တရားဝင် စာချုပ်ချုပ်ဆို ငှားရမ်းထားခြင်းဖြစ်ပြီး စာချုပ်သက်တမ်း မကုန်သေးသလို စာချုပ်ပါ စည်းကမ်းများကိုလည်း ဖောက်ဖျက်ထားခြင်း မရှိပေ။
စုံစမ်းချက်များအရ အဆိုပါ အိမ်ပိုင်ရှင် ကုမ္ပဏီ၏ အရှယ်ယာရှင်တစ်ဦးက အိမ်အား အခြားကုမ္ပဏီတစ်ခုထံ ဘတ် ၁၈ သန်းဖြင့် ပြန်လည်ဝယ်ယူခွင့်ပါ ရောင်းချမှု (Sale with right of redemption) ပြုလုပ်ခဲ့ပြီး ပြန်လည်မဝယ်ယူနိုင်ခဲ့သဖြင့် ပိုင်ဆိုင်မှု လွှဲပြောင်းသွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မစ္စ ချန်ကျားသည် ဘန်းဖလီး (Bang Phli) မြို့မရဲစခန်းတွင် တရားမဝင် ကျူးကျော်ဝင်ရောက်မှု၊ ခိုးမှုတို့ဖြင့် တရားဝင် တိုင်ကြားထားပြီး တရားရုံး အဆုံးအဖြတ် မထွက်မချင်း အဆိုပါ အိမ်အား ပိတ်သိမ်း/ထိန်းသိမ်းပေးရန် တောင်းဆိုထားသည်။ အဆိုပါ အိမ်ရှင်အသစ်ဟု ဆိုသူများထံမှ တရားဝင် သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ ထွက်ရှိမလာသေးပေ။
Source;Thaiger
