ကမ္ဘာကျော် ထိုင်းအနုပညာရှင် Lisa (Lalisa Manobal) အမေရိကန် တီဗီအစီအစဉ်တစ်ခုတွင် ထိုင်းဘီယာ၊ ဆိုဂျူးနှင့် စပရိုက် (Sprite) တို့ ပေါင်းစပ်ထားသည့် ဖျော်ရည် သောက်ပြခဲ့မှုနှင့် ပတ်သက်၍ ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့ရာ၊ အဆိုပါ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၏ အရက်ကြော်ငြာဆိုင်ရာ ဥပဒေအား ဖောက်ဖျက်ခြင်း မရှိကြောင်း ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီး ဖတ်ထန (Pattana Promphat) က အတည်ပြု ပြောကြားခဲ့ပါတယ်။
Lisa သည် အမေရိကန်နိုင်ငံ၏ နာမည်ကြီး “The Tonight Show Starring Jimmy Fallon” အစီအစဉ်သို့ သွားရောက်စဉ် တင်ဆက်သူ Jimmy Fallon အား စုံတမ်း (ထိုင်းသင်္ဘောသီးသုပ်) နှင့်အတူ ထိုင်းဘီယာ၊ ဆိုဂျူး၊ စပရိုက်တို့ ပေါင်းစပ်ထားသည့် ဖျော်ရည်ကို မိတ်ဆက်ပေးခဲ့သည်။ ထို့ပြင် သောက်သုံးခြင်း မပြုမီ ထိုင်းဘာသာစကားဖြင့် “မော့ခဲဝ်” (Mod Kaew – ကုန်အောင်သောက်မည်) ဟု ပြောဆိုနည်းကိုပါ သင်ကြားပေးခဲ့သည်။
ဝန်ကြီး ဖတ်ထနက အဆိုပါ ရိုက်ကူးမှုမှာ ပြည်ပတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ Lisa ၏ ပြုလုပ်ချက်မှာ ပုဂ္ဂိုလ်ရေးအရ ပြုလုပ်ခြင်းဖြစ်ကာ ကုန်ပစ္စည်းအား ကြော်ငြာလိုသည့် ရည်ရွယ်ချက် မပါဝင်ကြောင်း ပြောကြားခဲ့သည်။ “ထိုင်းဥပဒေသည် အရက်သောက်သုံးခြင်းကို တားမြစ်ထားခြင်း မဟုတ်ဘဲ၊ အရက်ကြော်ငြာခြင်းကိုသာ တားမြစ်ထားခြင်း ဖြစ်သည်” ဟု ၎င်းက ရှင်းလင်းခဲ့သည်။
ထိုင်းသတင်းမီဒီယာများနှင့် လူမှုကွန်ရက် အသုံးပြုသူများသည် အဆိုပါ ရုပ်သံဖိုင်ကို ပြန်လည်မျှဝေရာတွင် ဘီယာတံဆိပ်နှင့် လိုဂို (Logo) များကို ဝါးထား (Blur) ပေးခဲ့ကြသဖြင့် ထိုင်းဥပဒေနှင့် ညီညွတ်ကြောင်း ပြောကြားခဲ့သည်။
Content Creator များအနေဖြင့် အဆိုပါ ဖျော်ရည်စပ်နည်းကို ပြန်လည်တုပ ရိုက်ကူးရာတွင် ကုန်ပစ္စည်း တံဆိပ်များ ထင်ရှားစွာ ပြသခြင်း သို့မဟုတ် အွန်လိုင်းမှ ဝယ်ယူနိုင်သည့် လင့်ခ်များ ထည့်သွင်းခြင်းမျိုး ပြုလုပ်ပါက စီးပွားရေးအရ ကြော်ငြာမှုအဖြစ် သတ်မှတ်ကာ ဥပဒေကြောင်းအရ အရေးယူခံရနိုင်ကြောင်း သတိပေးထားသည်။
ဝန်ကြီးက ယခုဖြစ်စဉ်သည် ပြည်ပတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခု သာဖြစ်၍ အလွန်အမင်း ငြင်းခုံနေရန် မလိုအပ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
Source;Thaiger
