Artemis II အာကာသခရီးစဉ် အောင်မြင်စွာပြီးဆုံး – အာကာသယာဉ်မှူး (၄) ဦး ကမ္ဘာမြေသို့ ဘေးကင်းစွာပြန်ရောက်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာကို ပတ်ပြီး ခရီးနှင်ခဲ့တဲ့ NASA ရဲ့ Artemis II အာကာသယာဉ်မှူး (၄) ဦးဟာ ကမ္ဘာမြေကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မနေ့က Orion အာကာသယာဉ်ဟာ ကမ္ဘာ့လေထုထဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက် ကယ်လီဖိုးနီးယားကမ်းလွန် ပစိဖိတ်သမုဒ္ဒရာအတွင်းကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပါ။

အဆိုပါ (၁၀) ရက်ကြာ ခရီးစဉ်မှာ အဖွဲ့ခေါင်းဆောင် Reid Wiseman နဲ့အတူ ပထမဆုံးသော အမျိုးသမီး၊ လူမည်းအမျိုးသားနဲ့ အမေရိကန်မဟုတ်သူ အာကာသယာဉ်မှူးတွေ ပါဝင်ခဲ့ကြပြီး Apollo ခေတ်နောက်ပိုင်း လူသားတွေ မရောက်ရှိဖူးသေးတဲ့ အဝေးဆုံးအကွာအဝေးအထိ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

Artemis II စီမံကိန်း အောင်မြင်မှုဟာ လကမ္ဘာပေါ်ကို လူသားတွေ ပြန်လည်ခြေချမယ့် အနာဂတ်ခရီးစဉ်တွေအတွက် အရေးပါတဲ့ စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ အာကာသယာဉ် ကမ္ဘာ့လေထုထဲ ပြန်ဝင်ချိန်မှာ ပြင်းထန်တဲ့အပူရှိန်ကြောင့် ဆက်သွယ်ရေး ခေတ္တပြတ်တောက်ခဲ့ပေမဲ့ ယာဉ်ရဲ့ အပူဒဏ်ခံစနစ်နဲ့ လေထီးစနစ်တွေ ကောင်းမွန်စွာ အလုပ်လုပ်ခဲ့တယ်လို့ NASA က အတည်ပြုထားပါတယ်။

အခုခရီးစဉ်ကရတဲ့ အချက်အလက်တွေကို အခြေခံပြီး NASA အင်ဂျင်နီယာတွေဟာ နောင်လာမယ့် လကမ္ဘာဆင်းသက်ရေး စီမံကိန်းတွေအတွက် ဆက်လက်ပြင်ဆင်သွားမှာဖြစ်သလို၊ ဒီခရီးစဉ်ဟာ လူသားတို့ရဲ့ အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေမှာ ဖြစ်ပါတယ်။

Source; Al Jazeera