ချွန်ဘူရီ၌ မြန်မာအချင်းချင်း အရက်သောက်ရင်း စကားများရာမှ ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွား

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ခရိုင်၊ ဘန်းလမုန်း (Bang Lamung) မြို့နယ်ရှိ အလုပ်သမားတန်းလျားတစ်ခုတွင် စက်တင်ဘာ ၇ ရက် အခင်းဖြစ်ပွားစဉ်က မြန်မာအလုပ်သမားနှစ်ဦး အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ အသက် ၃၀ မှ ၄၀ ဝန်းကျင်အရွယ် မြန်မာအလုပ်သမားတစ်ဦး ဓားထိုးခံရပြီး ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

တခီယန်တီးယား (Takian Tia) ကျေးရွာအုပ်စုရှိ ကွန်တိနားမောင်းနှင်ပြင်ဆင်ထားသည့် အလုပ်သမားတန်းလျားအတွင်း အရက်သောက်နေစဉ် စကားများရန်ဖြစ်ခဲ့ကြသည်။ သေဆုံးသူမှာ မျက်နှာ၊ ဘယ်ဘက်ရင်ဘတ်နှင့် လက်မောင်းတို့တွင် ဓားဒဏ်ရာများရရှိကာ အပြင်သို့ ထွက်ပြေးစဉ် သက်သာချောင်ချိရေး ရေချိုးခန်းအနီးတွင် လဲကျသွားခဲ့သည်။ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း ရင်ဘတ် နှလုံးတိုက်ရိုက် ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့သည်။

အခင်းဖြစ်နေရာတွင် ရဲတပ်ဖွဲ့သည် ဓားကိုင်ထားသည့် အသက် ၄၁ နှစ်အရွယ် မြန်မာနိုင်ငံသား ငွေ (Ngeun) ဆိုသူအား တွေ့ရှိခဲ့သည်။ ၎င်းမှာ မူးယစ်ရမ်းကားနေပြီး မိမိအား ပစ်သတ်ရန် ရဲတပ်ဖွဲ့အား စိန်ခေါ်ခဲ့သဖြင့် မိနစ် ၃၀ ကျော်ကြာ ဝိုင်းဝန်း ညှိနှိုင်းခဲ့ရသည်။ ဖမ်းဆီးစဉ် ရဲအရာရှိတစ်ဦး၏ လက်မောင်းတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ၎င်းထံမှ ၁ ပေခန့်ရှိ ဓားတစ်ချောင်းကို သိမ်းဆည်းရမိခဲ့သည်။

ကွန်တိနားအခန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့် အမှတ်အသားများ၊ သွေးကွက်များနှင့် အရက်ဖြူ ၂ ပုလင်းတို့ကို တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ အဆိုပါတန်းလျားတွင် ပုံမှန်အလုပ်လုပ်နေသူဖြစ်ပြီး၊ တရားခံ ငွေ မှာမူ အလုပ်အကိုင် အသစ်ရှာဖွေရန် မကြာသေးမီကမှ ရောက်ရှိလာသူဖြစ်သည်။

တရားခံ ငွေ က သေဆုံးသူမှ မိမိ၏ မျက်ခုံးအထက်ကို မာကျောသော ပစ္စည်းတစ်ခုဖြင့် စတင်ရိုက်နှက်ခဲ့သဖြင့် ဒေါသထွက်ကာ ဓားဖြင့် ပြန်လည်ထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသော်လည်း ရဲတပ်ဖွဲ့က အဆိုပါ ထွက်ဆိုချက်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ဥပဒေအတိုင်း အရေးယူနိုင်ရန် ဘန်းလမုန်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားသည်။

Source;Thaiger