ဘန်ကောက်မြို့၊ ရာချာသေဝီ (Ratchathewi) ခရိုင်၊ မက္ကဆန် (Makkasan) ရှိ ဆဲန်ဆဲပ် တူးမြောင်းဘေး လူနေကျပ်ညပ်သော သစ်သားအိမ်တန်းအသိုင်းအဝိုင်းတွင် တနင်္လာနေ့နံနက်စောစောက ပြင်းထန်သော မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းကာ ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၁ ရက်၊ နံနက် ၀၂:၃၅ နာရီတွင် ဆူခွန်ဗစ် ၃ လမ်းမပေါ်ရှိ မစ်ဆမ်ဖန် လမ်းဆုံအနီး မက္ကဆန်အသိုင်းအဝိုင်းတွင် စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးသတ်ကား ၁၀ စီးထက်မကပါဝင်သော ကယ်ဆယ်ရေးအဖွဲ့များက ၁ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရသည်။ အိမ်နီးနားချင်းများမှာ ရုတ်ရုတ်သဲသဲ ထွက်ပြေးခဲ့ကြရပြီး သက်ကြီးရွယ်အိုများနှင့် အိပ်ရာထက်မထနိုင်သည့် လူနာများကို ကူညီရွှေ့ပြောင်းပေးခဲ့ရသည်။
မီးငြှိမ်းသတ်ပြီးနောက် အခင်းဖြစ်ပွားရာနေရာ၌ ရုပ်အလောင်း ၁ လောင်း တွေ့ရှိခဲ့ပြီး မည်သူမည်ဝါနှင့် ကျား/မ ခွဲခြားနိုင်ခြင်း မရှိသေးပေ။
ဒေသခံများ၏ ထွက်ဆိုချက်အရ အိပ်ပျော်နေစဉ် ဖန်ခွက်နင်းမိသည့် အသံကဲ့သို့ ကြားရပြီးနောက် ကလေးထိန်းကျောင်းအနီးရှိ အိမ်တစ်အိမ်မှ မီးစတင်လောင်ကျွမ်းကာ အခြားအိမ်များသို့ ကူးစက်သွားခြင်းဖြစ်သည်။ အဆိုပါအသိုင်းအဝိုင်းသည် သက်တမ်း ၅၀ ကျော်ပြီဖြစ်ပြီး သစ်သားအိမ်ပေါင်း ၃၀ ကျော် ကျပ်ညပ်စွာ ဆောက်လုပ်ထားသည့် နေရာဖြစ်သည်။
မီးဘေးသင့်ပြည်သူများအတွက် ရာချာသေဝီ ခရိုင်ရုံးက ဖက်ချာဘူရီလမ်းပေါ်ရှိ Wat Makkasan ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံရေးစခန်း ဖွင့်လှစ်ပေးထားသည်။
Source;Khaosod
