ပတ္တရားတွင် ဆေးခြောက်စိုက်ခင်းပိုင်ရှင် ဗြိတိန်အမျိုးသား ဓားဖြင့်ထိုးသတ်ခံရ၊ ရည်းစားဖြစ်သူ ဗြိတိန်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ပတ္တရား (Pattaya) ရှိ ဇိမ်ခံငှားရမ်းနေအိမ်အတွင်း ဆေးခြောက်စိုက်ခင်းလုပ်ကိုင်သူ ဗြိတိန်အမျိုးသား သောမတ်စ် ဒေးဗစ် ပါဝဲလ် (အသက် ၃၄ နှစ်) ဓားဖြင့်ထိုးသတ်ခံခဲ့ရပြီးနောက် ၎င်း၏အသက် ၂၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ ရည်းစားဖြစ်သူကို လူသတ်မှုသံသယဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သေဆုံးသူတွင် ကျောနှင့် ကိုယ်ထည်တို့၌ ဓားဒဏ်ရာ ၆ ချက် တွေ့ရှိရပြီး သေဆုံးပြီးနောက် ရုပ်အလောင်းကို ခေါင်းအုံးခုကာ ရေချိုးခန်းထဲသို့ ရွှေ့ပြောင်းပြင်ဆင်ထားသည်။

အခင်းဖြစ်အိမ်အတွင်းမှ သွေးဆေးကြောထားသည့် အရှည် ၅၀ စင်တီမီတာရှိ ဓားမြှောင်တစ်ချောင်းကို သိမ်းဆည်းရမိခဲ့ပြီး တရားခံအမျိုးသမီး၏ လက်ချောင်းများတွင်လည်း ပြတ်ရှဒဏ်ရာများ တွေ့ရသည်။

တရားခံအမျိုးသမီးက ၎င်းတို့စုံတွဲသည် လက်ထပ်လက်စွပ်သွားကြည့်ပြီး အိမ်ပြန်ရောက်ချိန်တွင် ဆေးခြောက်အတူသောက်ခဲ့ကြကြောင်း၊ ထို့နောက်ပိုင်းတွင် စိတ်ကျရောဂါဆေးနှင့် ဆေးခြောက်အရှိန်ကြောင့် ဘာဖြစ်သွားသည်ကို မမှတ်မိတော့ကြောင်း ထွက်ဆိုထားသည်။

၎င်းတို့စုံတွဲသည် ယင်းအိမ်သို့ ပြောင်းရွှေ့လာသည်မှာ ၂ ပတ်သာရှိသေးပြီး ခဏခဏ ရန်ဖြစ်လေ့ရှိကြောင်း အိမ်နီးနားချင်းများက ပြောကြားခဲ့ကာ လက်ရှိတွင် ရဲတပ်ဖွဲ့က တရားခံကို လူသတ်မှုဖြင့် အမှုဖွင့်အရေးယူထားပါတယ်။

Source;Bangkok Post