ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်တွင် ဘတ်သန်း ၂၀၀ ဖိုး Vape ပစ္စည်းများ ဖမ်းဆီးရမိ၊ ဝန်ထမ်း ၇ ဦး အဖမ်းခံရ

ဒီစီးနင်းမှုကို အမျိုးသားရဲတပ်ဖွဲ့၊ မြို့တော်ရဲတပ်ဖွဲ့နှင့် တိုင်းရဲတပ်ဖွဲ့ (၁) တို့ ပူးပေါင်းပြီး ဖရက်ခ်စာ (Phraeksa) နယ်မြေရှိ ဂိုဒေါင်တစ်ခုမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အီးစီးကရက် အချောင်းရေ ၂၀,၀၀၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။ စုစုပေါင်း ကာလတန်ဖိုးအားဖြင့် ဘတ် သန်း ၂၀၀ ကျော်ရှိပြီး အွန်လိုင်းမှတစ်ဆင့် အကြီးအကျယ် ရောင်းချနေသည့် ကွန်ရက်တစ်ခု ဖြစ်ပါတယ်။ “Shisha Chic” အမည်ရှိ ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းမှာ ရောင်းချနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ဂိုဒေါင်အထိ လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ 

ဖမ်းဆီးရမိသူ ၇ ဦးစလုံးမှာ ဂိုဒေါင်ဝန်ထမ်းများသာ ဖြစ်ကြပါတယ်။ ၎င်းတို့၏ တာဝန်မှာ ဝက်ဘ်ဆိုက်မှ တက်လာသည့် အော်ဒါများအတိုင်း ပါဆယ်ထုတ်ပိုးခြင်းနှင့် ပို့ဆောင်ရေးလုပ်ငန်းများထံ အပ်နှံခြင်းတို့ ဖြစ်ပါတယ်။  စစ်ဆေးတွေ့ရှိရသည့် ကွန်ပျူတာမှတ်တမ်းများအရ တစ်နေ့လျှင် အော်ဒါပေါင်း ၁,၀၀၀ ကျော် ပို့ဆောင်နေရပြီး နေ့စဉ် ငွေကြေးစီးဆင်းမှုမှာ ဘတ်သန်းပေါင်းများစွာ ရှိနေပါတယ်။ 

သံသယရှိသူများကို အကောက်ခွန်ဥပဒေနှင့် စားသုံးသူကာကွယ်ရေးဥပဒေများဖြင့် အမှုဖွင့်ထားပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ဒီလုပ်ငန်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူ (Mastermind) တွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (Anti-Money Laundering Act) အရပါ အရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

Source;The Nation