ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ (Immigration) နှင့် စစ်ထောက်လှမ်းရေးအဖွဲ့များ ပူးပေါင်းကာ ပထုံထာနီခရိုင် (Pathum Thani)၊ ဓမ္မစပ်စက်မှုဇုန်အနီးရှိ ခလောင်လူအန် (Khlong Luang) မြို့နယ်၊ ခလောင်နွန်းဆပ်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၁၂၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားပါတယ်။
အဆိုပါဆောက်လုပ်ရေးခွင်တွင် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသည့် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများကို တရုတ်နိုင်ငံသားများက လာရောက်လုယူလုပ်ကိုင်နေကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ပူးပေါင်းစီးနင်းခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ ရောက်ရှိလာချိန်တွင် လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများမှာ ထိတ်လန့်ကာ လမ်းခွဲပြေးခဲ့ကြသော်လည်း စစ်တပ်ဘက်က ဝင်ပေါက်/ထွက်ပေါက်များကို ကြိုတင်ပိတ်ဆို့ထားသဖြင့် ရာနှင့်ချီသော လုပ်သားများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ဖမ်းဆီးရမိသူများကို ပထုံထာနီ လဝကရုံးသို့ ခေါ်ဆောင်ကာ နိုင်ငံကူးလက်မှတ် (Passport) နှင့် အလုပ်သမားကတ် (Work Permit) များ စစ်ဆေးခဲ့ရာ ဥပဒေချိုးဖောက်ထားသူ ၁၂၁ ဦး တွေ့ရှိခဲ့ရသည်-
▪️တရုတ်နိုင်ငံသား ၈၆ ဦး: အလုပ်သမားကတ် (Work Permit) မရှိဘဲ လုပ်ကိုင်မှု။
▪️မြန်မာနိုင်ငံသား ၃၃ ဦး: ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုနှင့် တရားမဝင် အလုပ်လုပ်ကိုင်မှု။
▪️ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး: တရားမဝင် အလုပ်လုပ်ကိုင်မှု။ (မှတ်ချက်။ ။ အထောက်အထားပြည့်စုံသည့် အခြားရွှေ့ပြောင်းလုပ်သား ၂၄ ဦးကိုမူ စစ်ဆေးပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည်)
ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင် ခေတ်စားနေသည့် တရုတ်မီးခိုးရောင်စီးပွားရေး (Chinese grey businesses) သို့မဟုတ် နိုင်ငံဖြတ်ကျော်မှုခင်းဂိုဏ်းများနှင့် ဆက်နွှယ်နေနိုင်သဖြင့် အာဏာပိုင်များက အထူးစိုးရိမ်လျက်ရှိသည်။ ထိုင်းဥပဒေအရ အလုပ်သမားကတ်မရှိဘဲ သတ်မှတ်ပိတ်ပင်ထားသည့် အလုပ်များလုပ်ကိုင်ပါက-
▪️အလုပ်သမားများ: ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး ပြည်နှင်ဒဏ် (Deportation) ပေးပါလိမ့်မည်။
▪️အလုပ်ရှင်များ: ဘတ် ၅,၀၀၀ မှ ၅,၀၀၀,၀၀၀ (၅ သန်း) အထိ ကြီးလေးသော ဒဏ်ငွေများ ချမှတ်ခံရနိုင်သည်။
Source;Thaiger
