ထိုင်းနိုင်ငံ၊ Chachoengsao ပြည်နယ်ရှိ စာသင်ကျောင်းတစ်ခုတွင် ရပ်နားထားသော ကားတစ်စီးအတွင်း အပူရှိန်ပြင်းပြင်းဖြင့် ထားရှိခဲ့သည့် ပါဝါဘဏ် သို့မဟုတ် အိတ်ဆောင်လျှပ်စစ်ပန်ကာ တစ်ခုခု အပူလွန်ကဲပြီး ပေါက်ကွဲမီးလောင်မှုတစ်ခု ဇူလိုင်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည်။
Chachoengsao ခရိုင်၊ Bang Tin Pet တိုက်နယ်ရှိ Wat Don Thong စာသင်ကျောင်းဝင်းအတွင်း ရပ်နားထားသည့် ဆီဒန် (Sedan) ကားအမည်းရောင်တစ်စီး မီးလောင်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများ ရောက်ရှိမလာမီ ဝန်းကျင်ရှိ ပြည်သူများက မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း ကားမှာ အတွင်းပိုင်း အတော်များများ ပျက်စီးသွားခဲ့သည်။
ရဲတပ်ဖွဲ့က ကားအတွင်းပိုင်းကို စစ်ဆေးရာ ကားနောက်ခန်း လေကာမှန်အောက်ရှိ အောက်ခံပြားပေါ်တွင် မီးလောင်ကျွမ်းပျက်စီးနေသည့် အိတ်ဆောင်ပန်ကာနှင့် ပါဝါဘဏ်တစ်ခုတို့ကို တွဲလျက်သား တွေ့ရှိခဲ့ရသည်။ ၎င်းပစ္စည်းနှစ်ခုအနက် တစ်ခုခုသည် ကားအတွင်း အပူရှိန်မြင့်တက်လာမှုကြောင့် ပေါက်ကွဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆရပြီး အသေးစိတ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
အသက် ၄၆ နှစ်အရွယ် ကားပိုင်ရှင်အမျိုးသမီးသည် Bang Pakong ခရိုင်မှ ၎င်း၏ကလေးအား အဆိုပါကျောင်းသို့ ကျောင်းဝင်ခွင့်စာမေးပွဲဖြေဆိုရန် လာရောက်ပို့ဆောင်ခြင်းဖြစ်သည်။ ကျောင်းဝင်းအတွင်း စောင့်ဆိုင်းနေစဉ် ကားမီးလောင်နေကြောင်း လူများအော်ဟစ်သံကြား၍ ထွက်ကြည့်ရာမှ မိမိကားဖြစ်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
၎င်းက ပါဝါဘဏ်နှင့် ပန်ကာကို ကားနောက်ဘက်တွင် အတူတူပူးတွဲထားရှိခဲ့ခြင်းကြောင့် မည်သည့်အရာက စတင်ပေါက်ကွဲသည်ကို အတည်မပြုနိုင်သော်လည်း၊ ပိတ်လှောင်ထားသည့် ကားအတွင်း အပူရှိန်ပြင်းထန်လာမှုကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
Source;Thaiger
